အစ္စရေးနိုင်ငံရဲ့ ပြည်သူ့ရေးရာကဏ္ဍနဲ့ စစ်တပ်အတွက် Cloud ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့အတွက် ဂူးဂဲလ်နည်းပညာကုမ္ပဏီနဲ့ အစ္စရေးနိုင်ငံတို့အကြား ချုပ်ဆိုထားတဲ့ ပရောဂျက်နင်မ်ဘတ်စ်သဘောတူစာချုပ်ကို ဖျက်သိမ်းပေးဖို့ အမေရိကန်ရှိ ဂူဂဲလ် ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ သြဂုတ် ၂၉ ရက်က ပြုလုပ်တဲ့ Google Cloud Next ကွန်ဖရင့် အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြသူတွေဟာ အစ္စရေးနဲ့ cloud စာချုပ်ဖြစ်တဲ့ ပရောဂျက်နင်မ်ဘတ်စ်ကို ဖျက်သိမ်းဖို့ ဂူးဂဲလ်ကို တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ “အသားအရောင်ခွဲခြားမှုအတွက် နည်းပညာမရှိ” ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဂူးဂဲလ် လက်ရှိဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေအပြင် အသိုင်းအဝိုင်းအဖွဲ့ဝင်တွေနဲ့ တခြားတက်ကြွလှုပ်ရှားသူတွေလည်း ဆန္ဒပြရာမှာ ပါဝင်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို လူ ၁၀၀ လောက် တက်ရောက်ခဲ့ပြီး လက်ရှိဂူးဂဲလ်ဝန်ထမ်း ဘယ်လောက်ရှိတယ် ဆိုတာကို မသိရသေးပါဘူး။
ပရောဂျက် နင်မ်ဘတ်စ်ဟာ အစ္စရေးအစိုးရ၊ ကာကွယ်ရေးစနစ်နဲ့ စီးပွားရေးပိုင်းရှိ တခြားအုပ်စုတွေကို Cloud ဝန်ဆောင်မှုတွေ ပံ့ပိုးဖို့အတွက် ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်တခုပေးဖို့ ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် မေလမှာ လက်မှတ်ရေးထိုးထားတဲ့ နှစ်ရှည်လုပ်ငန်းတခု ဖြစ်ပါတယ်။
အယ်မဇွန်ဝဘ်ဝန်ဆောင်မှုဟာလည်း ပရောဂျက်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဂူးဂဲလ်က တီထွင်ထားတဲ့ cloud နည်းပညာကို စောင့်ကြည့်ခြင်း၊ လူမျိုးရေးခွဲခြားခြင်းတွေ အပါအဝင် ပါလက်စတိုင်းတွေကို ဆန့်ကျင်ရာမှာ အသုံးပြုနေတာ လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
Source/Photo - Reuters