မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနဲ့ ၃၂×၃၃ လမ်းကြားမှာ ဩဂုတ် ၃၀ ရက် မနက်က ဖုန်းလုပြေးတဲ့ အမျိုးသား ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၁၁ နာရီလောက်မှာ ၈၄ လမ်းအတိုင်း လမ်းလျှောက်လာတဲ့ အမျိုးသမီး ၂ ဦးဆီကနေ ၁ ပေခန့် အရှည်ရှိ ဓားကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ဦးက ဖုန်း ၁ လုံးကို လုယူထွက်ပြေးသွားတာလို့ ဆိုပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “အားလုံး ၃ ယောက်၊ ၁ ယောက်က လွတ်သွားတယ်၊ ချမ်းစံမှာ မနက်ပိုင်းက ဖြစ်တာ။ မိန်းကလေး ၂ ယောက် လမ်းကူးတာကို အလယ်ကနေ ဖုန်းကို ဖြတ်လုတာ၊ မိတဲ့အချိန်မှာ ဖုန်းကို ရိုက်ခွဲပစ်လိုက်တယ်။ သူတို့ဆီမှာ ၁ ပေလောက်ရှိတဲ့ ဓားတချောင်းစီ ပါတယ်၊ သူခိုး ၂ ယောက်တော့ မျက်နှာတွေမှာ ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
အနီးအနားနေသူတွေက လိုက်လံဖမ်းဆီးချိန်မှာ ဖုန်းလုယက်သူ ၂ ယောက်က လုလာတဲ့ ဖုန်းကို ရိုက်ခွဲပြီး ပြန်လည်ခုခံခဲ့တာကြောင့် ပိတ်ဆို့ရိုက်နှက်ပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
လုယက်သူတွေဟာ အောင်မြေသာစံမြို့နယ်နေ အောင်မြင့်ဝင်း (၃၀ နှစ်)နဲ့ ကျော်ဇင်မျိုး ( ၂၁ နှစ်) တို့ ဖြစ်ပါတယ်။
အနီးအနားနေသူတွေ ဖမ်းဆီးချိန်က ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် အရပ်ဘက်အသင်းယာဉ်နဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားပြီး ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ ရဲစခန်းက လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်မှာ ဖုန်းလုပြေးတဲ့ အသက် ၂၀ အရွယ် အမျိုးသားတဦးကို ရပ်ကွက်နေသူတွေက ဖမ်းဆီးရမိခဲ့ပါတယ်။