မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင် ကိုရန်ရှင်းရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်နေ ကိုရန်ရှင်းရဲ့ နေအိမ်နဲ့ ဂိုဒေါင်တစ်လုံးကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက သြဂုတ် ၂၉ ရက် မနက်ပိုင်းမှာ လာရောက်ချိပ်ပိတ်သွားတာပါ။
စစ်ကောင်စီကတော့ ကိုရန်ရှင်းဟာ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ပါဝင်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဒီဟာလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သိတယ်၊ ကျနော်တို့အတွက်တော့ အေးဆေးပါ၊ စစ်တပ်က လုပ်စရာမရှိလို့ ကြောက်ကန်ကန်ပြီး လိုက်လုပ်နေတာ၊ ကျနော်တို့ အလှည့်ကျန်သေးတယ်”လို့ ကိုရန်ရှင်းက တုံ့ပြန်ပါတယ်။
ကျိုက်ထိုသပိတ်ကော်မတီမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုရန်ရှင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာကနေ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ခဲ့တဲ့အတွက် မိသားစုအလိုက် တိမ်းရှောင်နေခဲ့ရတာပါ။
ကျိုက်ထို KRF တပ်ဖွဲ့ဝင် ကိုရန်ရှင်းကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် အပါအဝင် သေဒဏ်တွေအထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ (ဈ) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။