တောင်ကိုရီးယားနိုင်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို စက်တင်ဘာ ၁ ရက်က စတင်ပြီး ရပ်ဆိုင်းထားမယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ရှိ မြန်မာသံရုံးက ဩဂုတ် ၂၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမှုတွေ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးနေတဲ့ စက်ပစ္စည်းကို ရေရှည်မှာ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းဖို့ရှိလို့ ခုလိုရပ်ဆိုင်းတာလို့ စစ်ကောင်စီသံရုံး ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ အလုပ်လုပ်ကိုင်နေသူတဦးက “သက်တမ်းတိုးတာတွေ ရပ်ထားလည်း ဒီရောက်နေတဲ့ မြန်မာတော်တော်များများမှာ တချို့ကဆိုရင် နိုင်ငံရေးမကောင်းလို့ဆိုပြီး ခိုလှုံခွင့် ဗီဇာ (G1) ပြောင်းပြီး အလုပ်ဆက်ကြတယ်။ သက်တမ်းကျန်ပြီး အလုပ်အဆင်မပြေတဲ့သူတွေကလည်း အိုဗာစတေး နေကြတယ်။ မိရင်တော့ ပြန်ပို့ခံရတာပေါ့။ ကိုရီးယားမှာက တချို့လူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးတာ ရှိတယ်ဆိုတော့၊ ဒီဘက်မှာတော့ ခက်ခဲသွားတာမျိုး မရှိဘူးလို့” ပြောပါတယ်။
လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ ကျော် နေထိုင် အလုပ်လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ ၇ လပိုင်း ၂၉ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံကို စစ်ကောင်စီ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် EPS စနစ်နဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၁၄၆ ဦးထပ်မံစေလွှတ်ခဲ့တယ်လို့ ဆိုလ်းမြို့မြန်မာသံရုံးဆီက သိရပါတယ်။