Home
မြန်မာသတင်း
ပခုက္ကူ၊ မြိုင်နှင့် နတ်မောက်မြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
DVB
·
August 30, 2023
Pauk PDF
Myaing PDF

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သြဂုတ် ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (၂) Young Force UG ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာကနေ ပခုက္ကူမြို့ဘက်ကို ပြန်တဲ့ စစ်ကောင်စီကားကို သြဂုတ် ၂၉ ရက်နေ့ ည ၈ နာရီလောက်က ပခုက္ကူ-ရေစကြိုကားလမ်းမှာ မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီ ကို ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ကနေ ပန်းတိုင်ခြံရွာဘက်ကိုသွားတဲ့ စစ်ကောင်စီရဲ့ ပွိုင့်ကား ၁ စီးကိုလည်း သြဂုတ် ၂၉ ရက်နေ့ နေ့လယ်က ပွိုင့် ၂ပွိုင့် ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပွိုင့်ကားပေါ်မှာ စစ်ကောင်စီတပ်သား ၆ ယောက်လောက် မတ်တတ်ရပ်လိုက်လာတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ ၃ ယောက် သေဆုံးခဲ့တယ်လို့ သတင်းရရှိပြီး ကားလမ်းပေါ်မှာ သွေးကွက်တွေလည်းတွေ့ရတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီပွိုင့်ကားလည်း မိုင်းထိမှန်ပြီး ပျက်စီးသွားတာကြောင့် နောက်ထပ်ကားတစီးနဲ့ စက်မှုဇုန်ဘက်ကို ဆွဲသွားကြပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၆၀ မမတွေ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာကြောင့် ပခုက္ကူမြို့ထဲ စက်မှုဇုန်ဘက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် သြဂုတ် ၂၉ ရက် မနက်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

မြိုင်မြို့ အနောက်ဘက် အထွက်ဂိတ်မှာ လုံခြုံရေးလုပ်နေတဲ့ မြိုင်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းထွန်းကို သြဂုတ် ၂၉ ရက်နေ့ မနက် ၇ နာရီလောက်မှာ ဘဏ်ကာအတွင်း ရဲ၊ ပျူစောထီးတွေကို စကားပြောနေချိန် စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပက တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က ရဲဘော်တွေ ပစ်ခတ်လိုက်တော့ လဲကျသွားတာ တွေ့ရပြီး ထပ်မံစုံစမ်းကြည့်လိုက်တော့ သေဆုံးသွားပြီလို့ သိရတယ်၊ နာရေးလုပ် ဖို့စီစဥ်နေကြတယ်။” 

မြိုင်မြို့နယ်မှာ သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းကလည်း ကိုင်းတောမရဲစခန်း၊ သရက်ကန်ရွာပျူစောထီးနဲ့ ရေစက်ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်ကာ PDF ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။

မကွေးတိုင်း နတ်မောက်မြို့မှာလည်း သြဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ မြို့ဝင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF-PLA ကနေ သိရပါတယ်။

နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ဘဏ်ကာကို လက်ပစ်ဗုံးတလုံးနဲ့ ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ OPRF-PLA ရဲ့ တာဝန်ခံ ရဲဘော်ကျော်ကြီးက ဒီဗွီဘီကိုပြောပါတယ်။

“အဲဒီဂိတ်မှာက ပုံမှန်ဆိုရင် စစ်ကောင်စီတပ်သား ၇ ယောက်လောက်စောင့်တာဗျ။ စစ်ကောင်စီတပ်သား ၂ ယောက် ထွက်ထိုင်နေတဲ့ နေရာကို လက်ပစ်ဗုံးက တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သတင်းရတယ်။” 

နတ်မောက်မြို့မှာ သြဂုတ် ၂၂ ရက်နေ့ညနေကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ အဖိနှိပ်ခံတော်လှန်ရေးအင်အားစု OPRF-PLA ကနေ သိရပါတယ်။

တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024