အမေရိကန်နိုင်ငံမှာ နွေရာသီနီးကပ်လာတာနဲ့အမျှ နယူးယောက်မြို့နဲ့ နိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု တစ်ဖန်ပြန်မြင့်တက်လာပါတယ်။
နယူးယောက်မြို့က လောင်းကျွန်းဂျူးဝစ်ချ်ဆေးဘက်ဌာနရဲ့ အရေးပေါ်စောင့်ရှောက်မှုဌာနမှာ ကူးစက်ခံဦးရေ သိသိသာသာ မြင့်တက်လာတာကို တွေ့နေရတယ်လို့ အဲဒီဌာနမှာ အလုပ်လုပ်တဲ့ ဒေါက်တာ ဖရဒ်ဒရစ်ခ်ဒေးဗစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကိုဗစ်ကူးစက်ခံ အရေအတွက်တိုးလာတာကို ကျိန်းသေတွေ့ခဲ့ရပါတယ်လို့ ဒေါက်တာဒေးဗစ်က ပြောပါတယ်။
နယူးယောက်မြို့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ကိန်းဂဏာန်းတွေအရ ဇူလိုင်လ အစောပိုင်းမှာ မြို့အနှံ့ သီတင်းပတ်တစ်ပတ်အတွင်း ပျမ်းမျှရောဂါ ဖြစ်ပွားမှု ၂၅၀ လောက် ရှိခဲ့ပေမဲ့ သြဂုတ်လမှာတော့ အကြမ်းဖျင်း ၇၅၀ အထိ မြင့်တက်လာခဲ့ပါတယ်။
ရောဂါထိန်းချုပ်ရေးစင်တာ (CDC)ဟာ လက်ရှိမှာ အထင်ရှားဆုံးဖြစ်တဲ့ ဗိုင်းရပ်စ်ရဲ့ XBB မျိုးကွဲတွေကို ကာကွယ်ဖို့တီထွင်ထားတဲ့ ဆေးရှိန်မြှင့် ကာကွယ်ဆေး booster ကို စက်တင် ဘာလကုန် ဒါမှမဟုတ် အောက်တိုဘာလအစောပိုင်းမှာ အတည်ပြုနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။
BA.2.86 လို့ခေါ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဗီဇမျိုးကွဲဟာ အရင်က ကိုဗစ်ကူးပြီးသား ဒါမှမဟုတ် ကာကွယ်ဆေးထိုးပြီးသား လူတွေကြားမှာ ပိုပြီးကူးစက်နိုင်စွမ်း ရှိကောင်းရှိနိုင်တယ်လို့ CDCက ဩဂုတ် ၂၃ ရက်မှာ အကျဉ်းချုံးထုတ်ပြန်ခဲ့တဲ့ ဘေးအန္တရာယ် အကဲဖြတ်မှု အကျဉ်းချုပ် အစီရင်ခံစာက ဆိုပါတယ်။
ဒီဗီဇမျိုးကွဲဟာ ၂၀၂၃ တနှစ်လုံးနီးပါးမှာ အကူးဆုံး ဗီဇမျိုးကွဲဖြစ်တဲ့ XBB.1.5 နဲ့ နှိုင်းစာရင် သန္ဓေပြောင်းမှု ၃၅ ခုကျော်ကို သယ်ဆောင်ထားတဲ့ အိုမီခရွန်ဗီဇမျိုးကွဲရဲ့ မျိုးဆက်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။
Source/Photo-Reuters