Home
မြန်မာသတင်း
ထားဝယ်အကျဉ်းထောင်ဝန်ထမ်း ၁၀ ဦး မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ 
DVB
·
August 29, 2023
370216862_208470295542205_1106962232789713484_n

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးတွေရောင်းချတဲ့ ထောင်ဝန်ထမ်း ၁၀ ယောက်ကို ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ထားဝယ်ထောင်တွင်း မူးယစ်ဆေးဝါးတွေ သုံးစွဲမှုနဲ့ ရောင်းချမှုတွေရှိနေတဲ့အတွက်  ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်က နယ်လုံဝန်ကြီး ဗှိုလ်မှုးကြီးသိန်းလင်း ဦးဆောင်တဲ့အဖွဲ့ဟာ အဲ့ဒီထောင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးမှူးအပါအဝင် ထောင်ဝန်ထမ်း ၁၀ ယောက်ထံကနေ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လ ၂၁ ရက်မှာတော့ ထောင်ဆေးမှူးကြီးဦးဝင်းဇော်နဲ့ အကျဉ်းထောင်ဝန်ထမ်း ၁၀ ဦးကို မူးယစ်ဆေးဝါး ထောင်တွင်းရောင်းချမှုနဲ့ ထောင်အာဏာပိုင်တွေက ထောင်ဒဏ် ၆ လမှ ၁ နှစ်ခွဲထိ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲတဲ့  အကျဉ်းသား ၃ ဦးကိုလည်း ထောင်ဒဏ် ၂ နှစ်ခွဲစီ ထက်တိုး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

အကျဉ်းထောင်နဲ့နီးစပ်သူ တဦးက "ပုဒ်မတွေတပ်ပြီး တရားဆွဲတာ မဟုတ်ပါဘူး။ အချင်းချင်းနားလည်မှုယူပြီး ထောင်ချထားလိုက်တာ။ ဥပဒေကြောင်းအရဆို ပြစ်ဒဏ်တွေက ဒီထက်အများကြီးကျမှာ။ မင်းတို့ ထောင် တနှစ်ကျခံလိုက်၊ ပြီးရင်နယ်ပြောင်း အလုပ်ဆက်လုပ် အဲ့လိုပုံစံမျိုးနဲ့ ထောင်ချထားလိုက်တာ”လို့ ပြောပါတယ်။ 

မူးယစ်ဆေးဝါတွေ ရောင်းချမှုနဲ့သုံးစွဲမှုတွေ စစ်ဆေးတွေ့ရှိချိန်ကစပြီး   ထားဝယ်အကျဉ်းထောင်အတွင်းမှာ ထောင်ဝင်စာပေးပို့မှုကို တင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။

ဩဂုတ် ၁၄ ရက်ကလည်း ထားဝယ်အကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ ဒုထောင်မှူးနေအိမ်မှာ မူးယစ်ဆေးဝါး WY ဆေးပြားတွေနဲ့ အိုက်စ်မူးယစ်ဆေး အများအပြား ဖမ်းဆီးရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024