ဒီနေ့ ( ဩဂုတ် ၂၅ ရက်) မနက် ဖေ့စ်ဘွတ်ခ်ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ဒေသခံ ၈၀၀၀ ကျော် အရေးပေါ်စစ်ရှောင်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားတာတန်းတွေ့ရတယ်။ ဒီနေ့မနက်စောစောကမှ ထွက်ပြေးကြရတာတဲ့။ခင်ဦးအရှေ့ခြမ်းရွာတွေဘက် စစ်ကြောင်းတစ်ကြောင်းနဲ့ ခင်ဦးအနောက်ခြမ်းရွာတွေဘက် စစ်ကြောင်းတစ်ကြောင်း အပြိုင်ထိုးလာခြင်းလို့ ဆိုတယ်။ ပိုဆိုးတာက စစ်တပ်က လက်နက်ကြီးနဲ့ ခင်ဦးအနောက်ခြမ်းရွာတွေဘက် ရမ်းပစ်နေလို့ ဒေသခံတွေ ထွက်ပြေးကြရလေခြင်း။
မိုးတွင်းဆိုတော့ မိုးထဲ လေထဲလည်း ပြေးရတယ်။ စပါးစိုက်နေလို့၊ ပျိုးနုတ်နေလို့၊ ဝင်ငွေအတွက် တစ်ခုခု လုပ်နေလို့၊ နေမကောင်းလို့၊ ဖျားနေလို့ စသဖြင့် အကြောင်းပြခွင့်မရှိ၊ ပြည်သူသွေးကို အငမ်းမရသောက်ကာ အသက်ဆက်နေတဲ့ မင်းအောင်လှိုင်တပ်ရဲ့ မှတ်ဉာဏ်မှာ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေး ခြွင်းချက်မရှိ။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ ရွာထဲကျန်ခဲ့ရာမှာ အိမ်တွေနဲ့အတူ လူကိုပါ မီးရှို့သတ်ဖြတ်ခဲ့တာ မကြာခဏ မြင်နေ၊ ကြားနေရလေတော့ အဘိုး အဘွားတွေလည်း သင်းတို့လက်ထဲ အသက်မသေရေး ပင်ပန်းခြင်းကြီးစွာနဲ့ ပြေးကြရ။ သွေးနုသားနုမိခင်တွေလည်း ပြေးကြရ။ ဩဂုတ် ၂၃ ရက်က ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာက အသက် ၅၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး မိုးထဲလေထဲ စစ်ကြောင်းရှောင်ပြေးလွှားရင် အမောဖောက်ကာ အသက်ဆုံးရှုံးခဲ့ရရှာသတဲ့။ နေ့စဉ် ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များစွာထဲက အဖြစ်အပျက် တစ်ခု။
ဩဂုတ် ၁၇ ရက်၊ ည ၁၁ နာရီလောက်ကလည်း ခင်ဦးမြို့ပေါ်၊ မြကန်သာရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ ယူဂျီတွေရှိတယ်ဆိုပြီး စစ်တပ်က သေနတ်တွေ နင်းကန်ပစ်ခတ်ပြီး ဝင်စီးတယ်။ အသက် ၁ နှစ်ခွဲအရွယ် အမြွှာကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး ကွယ်လွန်တယ်။ ဘေးအိမ်က အိပ်ပျော်နေပြီဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားလည်း ကျည်သင့်သေရရှာတယ်။ အဲဒီအိမ်မှာ ယူဂျီဆိုတာ တကယ်ရှိ၊ မရှိ မသေချာ။ အိမ်ထဲကနေ သေနတ်နဲ့ ခုခံပစ်ခတ်ခြင်းမရှိဘဲ မြို့ပေါ်ရပ်ကွက်က အိမ်တစ်အိမ်ကို PDF စခန်းတစ်ခု ဝင်စီးသလို ကြိုက်တဲ့ပြည်သူထိ ဂရုမစိုက် ပစ်ချင်တိုင်းပစ်။ သေဆုံးသွားတဲ့ ပြည်သူတွေအတွက် ဘယ်ကောင်ကမှ တာဝန်ယူစရာမလို။ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ နေ့ရက်များနဲ့ ငရဲပွက်နေတဲ့ အညာ။
အညာမှ ငရဲပွက်နေတဲ့ ခုခံတော်လှန်စစ် စတင်ပြီး ဘယ်ကြာလိမ့်မလဲ။ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကတည်းက ကြောက်မက်ဖွယ် ငရဲပွက်ခြင်းဟာ ရက်မပျက် ဒိုင်ယာရီ။ အညာမှာ စစ်ကြောင်းထိုးလို့ အရေးပေါ်စစ်ရှောင်ရတာ ဘယ်ထူးဆန်းတော့မလဲ။ ရွာတွေထဲကို စစ်တပ်က ပစ်ခတ်ပြီးဝင်မယ်။ ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေထဲ တံခါးရိုက် ချိုးဖျက် အကြမ်းဖက် ဝင်ရောက်၊ မွှေနှောက်လုယက်၊ သူတို့ မလိုချင်တာ ရိုက်ဖျက်၊ ပြီးတော့ ရွာကိုမီးရှို့၊ တွေ့တဲ့ ပြည်သူမှန်သမျှ အလွတ်မပေး။
ပါးနပ်တဲ့ စစ်ကြောင်းတချို့က ဒုက္ခခံကာ ရွာသားတွေ မထင်ထားတဲ့ မနက်စောစော သို့မဟုတ် ညဘက်တွေမှာ အလစ်အငိုက်ရွာထဲ ဝင်စီးကြ။ ရုတ်တရက် သေနတ်သံကြားတဲ့ ရွာသားတွေခမျာ အသက်မသေရေးသာ အဓိက ခြေဦးတည့်ရာ ပြေးကြတာမို့ အိမ်ထဲမှာ ရွှေတိုငွေစတွေ ကျန်ခဲ့ကြ။ စစ်သားတွေ အဲဒီလိုဒုက္ခခံ အလစ်အငိုက်ဝင်နိုင်ရင် ပြည်သူတွေကျန်ခဲ့တဲ့ ရွှေတိုငွေစ မြိုးမြိုးမြက်မြက်လေး ရတတ်သတဲ့။ မင်းအောင်လှိုင် ဓားပြတပ်ရဲ့ ပါးနပ်မှုက အဲဒီလိုမျိုး။
Data for Myanmar ရဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ် မေလကစပြီး မင်းအောင်လှိုင်တပ်က ပြည်သူ့နေအိမ် ၃ လုံးကို မီးစရှို့ခဲ့တယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာရောက်တော့ တစ်လတည်းနဲ့ မီးရှို့ပြာကျ အိမ် ၉၆၁ လုံး။ ကျနော်တို့ အဲဒီတုန်းက သိပ်များလွန်းတဲ့ပမာဏလို့ ဘုရားတ ထင်ခဲ့ကြ။ ၂၀၂၂ ခုနှစ်ရောက်တော့ တစ်လတည်းနဲ့ အိမ် ၇၀၀၀ကျော်တွေ ၈၀၀၀ ကျော်တွေနဲ့ အစွမ်းကုန်ပြာကျ။ ရွာတွေက အိမ်တွေဆိုပေမဲ့ တိုက်ကြီးတာကြီးတွေ ထည်ထည်ဝါဝါတွေဟာ အရိုးပြိုင်းပြိုင်းထ ပြာကျခဲ့ရ။ ရွှေဘိုမြို့နယ်ထဲက တင့်တယ်ရွာဆိုရင် စက်ရက်ကန်းနဲ့ လယ်ဧကများစွာနဲ့ ဘိုးစဉ်ဘောင်ဆက် ချမ်းသာခဲ့တဲ့ရွာ၊ တစ်ရွာလုံးနီးပါး တိုက်တာကြီးတွေ ပြာကျခဲ့ရ။ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ စာရင်းအရ မြန်မာတဝန်း စစ်တပ် မီးရှို့ ပြာကျ အိုးအိမ် ၇၄၈၇၄ လုံး။ စစ်ကိုင်းတိုင်းအတွင်း ၅၇၅၀၃ လုံးနဲ့ မကွေးတိုင်းမှာ ၁၁၀၂၆ လုံး။ ဒီနေ့ထိတိုင် စစ်ကြောင်းထိုးမပျက်၊ ရွာမီးရှို့ မပျက်။
မီးရှို့ခံရတဲ့ ပြည်သူတွေထဲ ဘဝတသက်တာ ကုန်းရုန်းရှာဖွေထားသမျှ ကုန်းကောက်စရာ မကျန်အောင် ဆင်းရဲသွားကြသူ တော်တော်များတယ်။ ကိုယ့်မြေမှာ ကိုယ် အမိုးအကာလုံရုံ တဲထိုးနေဖို့တောင် မလွယ်တော့တဲ့ဘဝများ။ မနက်ဖြန် စားစရာ ဆန်ဘယ်မှာလဲလို့ နေ့စဉ် ဖိအားကြီးကြရ။
မြို့နယ်အလိုက် စစ်ရှောင်နဲ့ မီးဘေးသင့်ကူညီရေးအဖွဲ့တွေ ပေါ်လာတယ်။ သူတို့လည်း ပြည်သူတွေဆီက အလှူခံထားတာရသမျှနဲ့ ဧရာမစစ်ရှောင်တွေကို ကူရတာဖြစ်လို့ စိတ်သွားတိုင်း ကိုယ်မပါ။ စစ်ကိုင်းတိုင်းထဲ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့တို့လို၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့တို့လို အဖွဲ့တွေက ခြေလှမ်းကျဲကျဲနဲ့ ကူညီနိုင်ပေမဲ့ သူတို့သည်လည်း ထောင့်စေ့ဖို့ ဝေးစွ၊ ထောင့်တစ်ထောင့်တည်းကိုပင် အလျဉ်မမီ။
ဇူလိုင်လအတွင်း ရန်ကုန်၊ ၆ မိုင်ခွဲက မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ အိမ် ရောင်းချခဲ့တဲ့ လက်ကျန် ရှယ်ယာ အညာက စစ်ဘေးသင့်ပြည်သူတွေကိုကူဖို့ ထပ်ရောင်းချ။ အမေရိကန်ဒေါ်လာ ၃ သိန်းခွဲကျော်ဖိုး ရောင်းချလိုက်ရတယ်။ တွက်လိုက်ရင် ဒေါ်လာ ၃ သိန်းခွဲကျော်ဆိုတာ တော်တော်များပေမဲ့ အညာလို့ဆိုတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ဘေးသင့်ပြည်သူ ပမာဏက သိပ်ကြီးမားလွန်းတာကြောင့် ဆင့်ပါးစပ် နှမ်းပက်ထည့်သလိုမျိုး။
အညာတခွင်လုံး အကြမ်းဖက်စစ်တပ် လက်ချက်နဲ့ စုတ်ပြတ်သတ် ငတ်ပြတ်ပမာဏ သိပ်ကြီးမားလွန်းနေမှန်း နိုင်ငံတကာအသိုင်းအဝိုင်းက ကိန်းဂဏန်းခိုင်ခိုင်မာမာနဲ့ကို သိကြတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးဖြစ်တဲ့ UNOCHA Myanmar ဆိုရင် မြန်မာတဝန်း စစ်ရှောင်ဦးရေ ဘယ်လောက်ရှိနေပြီ ဆိုတာမျိုး၊ ဘယ်ဒေသတွေကတော့ဖြင့် တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘယ်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတာမျိုး အဆက်မပြတ် ထုတ်ပြန်ချက်များ အလီလီ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကူအညီပေးနေတဲ့ ကုလအပါအဝင် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းတွေဟာ စစ်ကိုင်းလို၊ မကွေးလို စစ်တပ် ဒုက္ခပေးလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ကူညီဖို့ဝေးစွ၊ မိုခါမုန်တိုင်းသင့် ပြည်သူတွေကိုတောင် အပေါ်ယံရှပ်ရှပ် စစ်အုပ်စု ခွင့်ပြုသလောက်ပဲ အကူအညီပေးခွင့်ရတာ အားလုံးမျက်မြင်ပါပဲ။
ပြောရရင် ကုလသမဂ္ဂက အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုဘူးလို့ဆိုပေမဲ့ ကုလလက်အောက်ခံ အဖွဲ့အစည်းတွေကတော့ စစ်အုပ်စု ကြည်ဖြူမှသာ အကူအညီပေးခွင့်ရမှာမို့ ဗိုလ်ချုပ်ကြီး၊ ငယ်တွေနဲ့ တွေ့တဲ့အခါတိုင်း သံတမန်စကားတွေ နိုင်းဂျင်းနဲ့ မျက်နှာချိုသွေးရတယ်။ ဘာပဲဖြစ်ဖြစ် နည်းနည်းဖြစ် အကူအညီ ပေးခွင့်ရတာဟာ ဘာမှမရတာထက် တော်သေးတယ်ဆိုတဲ့ မူကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားတာ တွေ့ရတယ်။ အတိအလင်း ထပ်စွပ်စွဲရရင် မြန်မာအခြေစိုက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဟာ စစ်အုပ်စု အမျက်ရှပြီး မြန်မာနိုင်ငံကနေ မောင်းထုတ်ခံရမှာ ကြောက်ကြပါတယ်။ အဲဒါကြောင့်လည်း စစ်အုပ်စုက မထိနဲ့ဆိုတဲ့ အရာကို လုံးဝမထိ၊ မသွားနဲ့လို့ ပြောထားတဲ့ နေရာဆီ စိတ်နဲ့တောင် မသွား သတိကြီးကြီးထား။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုအကူအညီပေးရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ငွေအားနဲ့သာ တတ်နိုင်မယ်ဆိုတာ နိုင်ငံတကာလူကြီးမင်းတို့ ကောင်းကောင်းသိကြပါတယ်။ ဒါ့အပြင် NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေတဆင့် အကူအညီပေးမယ်ဆိုရင် အလွန်အမင်း အကူအညီလိုနေတဲ့ မြန်မာပြည်သူများစွာရဲ့ လက်ထဲ အကူအညီတွေ ရောက်ရှိမယ်ဆိုတာလည်း သူတို့ အသေအချာသိကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကနေ မဆုတ်ခွာလိုခြင်းနဲ့ မင်းအောင်လှိုင် စိတ်ကောင်းဝင်တဲ့တစ်နေ့ ရှိလာမလားဆိုတဲ့ မျှော်လင့်ချက်ကြောင့် စစ်ဘေးသင့်မြန်မာပြည်သူများစွာကို ငါးပြားတစ်စေ့ မကူဘဲ မျက်နှာပြောင်တိုက် ထိုင်ကြည့်နေကြခြင်း ဖြစ်ပါတယ်။ အဲဒီလို မျှော်လင့်ချက်ကြောင့်ပဲ ဩဂုတ် ၁၅ ရက်မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်ကူညီရေးအဖွဲ့ အကြီးအကဲ Martin Griffiths ဟာ နေပြည်တော်ကို အရောက်လာကာ မြန်မာပြည်သူတို့ရဲ့ သွေးနဲ့ ချင်းချင်းနီနေတဲ့ သားသတ်သမား မင်းအောင်လှိုင်ရဲ့လက်ကိုဆွဲကာ နှုတ်ဆက်ရဲခဲ့ခြင်း ဖြစ်တယ်။
Martin Griffithsနဲ့ မင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်နေချိန်မှာ မြန်မာနိုင်ငံထဲက တစ်နေရာမဟုတ် တစ်နေရာမှာ မင်းအောင်လှိုင်တပ် လက်ချက်နဲ့ အသက်ထွက်သူနဲ့ စစ်ကြောင်းရှောင် ပြေးနေရသူတွေ သေချာပေါက်ရှိနေပါတယ်။ အဲဒီလက်ဆွဲနှုတ်ဆက်ရဲခြင်းရဲ့ ရလဒ်က ဘာလဲဆိုတော့ ထုတ်ပြစရာ ရေရေရာရာ မရှိတာကြောင့် မင်းအောင်လှိုင်ကို နေပြည်တော်အထိလာကာ အသိအမှတ်ပြုသလိုသာ ဖြစ်ရပြီး မြန်မာပြည်သူတွေအပေါ် မျက်နှာပြောင်တိုက်ခြင်းလည်း မည်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကြေညာချက်ထုတ်၊ စုတ်သတ်ခြင်းတွေကို ရပ်လို့ မြန်မာပြည်သူတွေရဲ့ မျက်နှာကို ပြတ်ပြတ်သားသား ကြည့်သင့်၊ ငါးပြားတစ်စေ့ မကူတဲ့ မျက်နှာပြောင်တိုက် နေရဲခြင်းကို ရှက်သင့်ပေမဲ့ အခုလိုပဲ ရှေ့ဆက်သွားဦးမှာလည်း သေချာနေပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူတွေရဲ့ဘက် ရပ်တည်နေတယ်လို့ ဆိုတဲ့အပေါ် သံသယကြီးရပါတော့တယ်။