ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဘူးသီးတောင်-မောင်တောလမ်း တချို့နေရာတွေမှာ မြေပြိုကျလို့ လမ်းပန်းဆက်သွယ်ရေး အခက်ကြုံနေရတယ်လို့ မောင်တော-ဘူးတောင် ပြေးဆွဲနေတဲ့ကားသမားတွေက ပြောပါတယ်။
သုံးဘီးသမားတဦးက "မိုးအဆက်မပြတ်ရွာတာ ၇ ရက်လောက်ရှိပြီ။ ဒီနေ့ (ဩဂုတ် ၂၇ ရက်) မနက်က ၆ မိုင် အကျော် ဘုရားတောင်ပတ် ကောက်ကွေ့မှာ တောင်ပြိုကျတာ။ ဘယ်လိုမှသွား မရတော့ဘူး။ဆောက်လုပ်ရေးက ဘတ်ဖိုးနဲ့ တွန်းချနေကြတယ်။ ဒီလိုသူမိုးဆက်ရွာရင် နောက်ထပ် လမ်းတွေလည်း ပြိုပျက်နိုင်တယ်။ သွားလာရ အန္တရာယ်များတာပေါ့”လို့ ပြောပါတယ်။
မောင်တော-ဘူးသီးတောင် ၁၆ မိုင်လမ်းတွေဟာ တောင်ပတ်လမ်းတွေအဖြစ် ဖောက်လုပ်ထားဖြစ်ပြီး မိုးရာသီရောက်တိုင်း မြေပြိုတာ၊ လမ်းချော်တာတွေ ဖြစ်ပေါ်လေ့ ရှိတာပါ။
ဘူးသီးတောင်ဒေသခံ ရပ်မိရပ်ဖတယောက်က "ကျနော်တို့ ငယ်ငယ်တုန်းကဆို တံတားတွေ ပြိုကျသွားတာ။ တဖက်နဲ့တဖက် တောင်ကျချောင်းကိုဖြတ်ပြီး ကုန်တွေ ပစ္စည်တွေ သယ်ယူခဲ့ကြရတာ။ အခုကတံတားတွေ ခိုင်ခံ့တယ်ဆိုပေမဲ့ အချိန်မရွေး ပြိုကျသွားနိုင်တယ်။ လမ်းတွေက တောင်ပတ်လမ်းတွေများတယ်”လို့ ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တော မြို့နှစ်မြို့ကို တခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ကားလမ်းကိုပဲ အသုံးပြုနေရပြီး ၁၆ မိုင်အရှည်ရှိတဲ့ဒီလမ်းဟာ အရင်က မီးရထားလမ်းတခု ဖြစ်ခဲ့ပါတယ်။
ဒီလမ်းကို အင်္ဂလိပ်ခေတ်တုန်းက မီးရထားလမ်းအဖြစ် ၁၉၁၆ ခုနှစ်မှာ စတင် တင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၁၉၁၈ ခုနှစ်မှာ ဖောက်လုပ်ပြီးစီးခဲ့ကာ ၁၉၂၆ ခုနှစ် အထိ မီးရထားပြေးဆွဲခဲ့တယ်လို့ မေယုဒေသသမိုင်းမှတ်တမ်းအရသိရှိရပါတယ်။