ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးမှ သံရုံးတာဝန်ခံနဲ့ အဖွဲ့ကို စက်တင်ဘာ ၁ ရက်မတိုင်မီ မြန်မာနိုင်ငံမှ ထွက်သွားဖို့ သြဂုတ် ၂၅ ရက်က နိုင်ငံခြားဝန်ကြီးဌာနကို အကြောင်းကြားစာပေးပို့ခိုင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"အရှေ့တီမောနိုင်ငံ သံရုံးတာဝန်ခံရယ်၊ အဖွဲ့တွေရယ် စက်တင်ဘာ ၁ ရက်မှာ မြန်မာနိုင်ငံက အပြီးထွက်သွားဖို့ အကြောင်းကြားတယ်။ အရှေ့တီမောအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစွတွေ ဝင်ရှုပ်တယ်၊ အချုပ်အခြာအာဏာတွေကို ထိပါးတယ်၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမဲ့ အကြောင်းအရာတွေကို ပြောလို့ အခုလို ထွက်သွားဖို့လုပ်ရတာ။"
စစ်ကောင်စီအနေနဲ့ အရှေ့တီမောအစိုးရကို ဆက်တိုက်ဆိုသလို သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေမဲ့လုပ်ရပ်တွေကို ဆက်တိုက်ကျူးလွန်လာတဲ့အပြင် အမျိုးသားရေးညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ တွေ့ဆုံခဲ့တာကြောင့် နှင်ထုတ်ရတာလို့ ဖော်ပြထားပါတယ်။
အခုလိုလုပ်တာဟာ အရှေ့တီမောနိုင်ငံဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဖွဲ့တွေကို အစိုးရသစ်ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားခဲ့တာကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။