Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင် ပြည်သူ ၄ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်
DVB
·
August 27, 2023
241180928_1204741930002191_3217632485390331928_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာကို စစ်ကောင်စီတပ်စစ်သားတွေ ဝင်ရောက်လာခဲ့ပြီးနောက် အမျိုးသမီး ၁ ယောက်ကို မုဒိမ်းကျင့်ပြီး သူအပါအဝင် ပြည်သူ ၄ ယောက်ကို သတ်ထားခဲ့တယ်လို့ သိရပါတယ်။

ရွာသာကြီးရွာမှာတပ်စွဲညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဩဂုတ် ၂၆ ရက် မနက်အစောပိုင်းမှာ ကျီးကန်မြောက်ရွာကို ဝင်ရောက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် သြဂုတ် ၂၇ ရက်နေ့ ဒီနေ့ မနက်အစောပိုင်းမှာ လည်လှီးသတ်ခံထားရတဲ့ အသက် ၂၀ အရွယ်အမျိုးသမီးတယောက်၊ အသက် ၅၀ အရွယ် အမျိုးသား ၃ ယောက်ကို ကျီးကန်မြောက်ရွာနဲ့ လှတောရွာကြားမှာ တွေ့ခဲ့ရတယ်လို့ Wetlet Informational Network အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

"အမျိုးသမီးက မုဒိမ်းကျင့် သတ်ခံထားရတယ်။ သူ့မိန်းမကိုယ်မှာလည်း Royal D ဘူး ထည့်ထားတယ်။ အကုန်လည်လှီးသတ်ခံထားရတာပါ။ ပြည်သူတစ်ယောက်ရဲ့ ကားကိုဖွင့်ပြီး ပိုက်ဆံ သိန်း ၅၀၀ ကျော်လည်းယူသွားတယ်။ တခြားပြည်သူတယောက်ရဲ့ ဆွဲကြိုးလည်း ဖြုတ်ယူသွားတယ်" လို့ ပြောပါတယ်။

သတ်ခံထားရသူတွေဟာ စစ်သားတွေဝင်လာချိန်မှာ မတိမ်းရှောင်ဘဲ ဘုန်းကြီးကျောင်းထဲ ပုန်းရှောင်နေချိန် ဖမ်းဆီးခံလိုက်ရပြီးနောက် သတ်ခံလိုက်ရတာလို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာမြောက်ဘက် သိမ်ကျောင်းက စစ်ကောင်စီ တပ်စစ်ကြောင်းဟာ ဝက်လက်မြို့နယ် အနောက်ခြမ်း မင်္ဂလာရေစင်ရွာက တဆင့် သြဂုတ် ၂၅ ရက်နေ့မှာ ရွာသာကြီးကိုဝင်ရောက်လာပြီး သြဂုတ် ၂၆ ရက်နေ့မှာ ကျီးကန်မြောက်ရွာကို ဝင်ရောက်ခဲ့တာလို့သိရပါတယ်။

ပြီးတော့ ကျီးကန်မြောက်ရွာကနေ ပင်းဇင်းရွာကို သြဂုတ် ၂၇ ရက် ဒီနေ့မနက် ၅ နာရီအချိန်မှာ လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ဝက်လက်မြို့ပေါ်ကို ဆက်သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024