ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ်သင်္ဘောတွေကို ဒီနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကသာမြို့နယ် ပကဖ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
သင်္ဘော ၉ စင်း စုန်ဆင်းလာတယ်လို့ သတင်းရတာကြောင့် ကြိုတင်ပြင်ဆင် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကသာပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “အဲလိုသတင်းရလို့ ကြိုတင်ပြင်ဆင်ပြီး ပစ်ခတ်ခဲ့တာ။ ၉ စင်းထဲက ၈ စင်းမြောက် ကုန်တင်သင်္ဘောကို ထိမှန်သွားတယ်” လို့ ပြောပါတယ်။
အဲဒီလို ပစ်ခတ်ခံရပြီးနောက် သင်္ဘောတွေဟာ နေ့ခင်း ၁၂ နာရီလောက်မှာ ကသာမြို့ ရပ်ကွက် ၁၀ ဆိပ်ကမ်းမှာ အားလုံးဆိုက်ကပ်ခဲ့ပါတယ်။
ပြီးတော့ ပါလာတဲ့စစ်သားတွေက ကသာမြို့ပေါ်မှာ သွားလာနေတဲ့ ခရီးသွားနဲ့ စျေးသူစျေးသားတွေရဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ကမ်းပေါ်တက်သိမ်းယူပြီး မွန်းလွဲ ၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက “အခုလည်း ဒီသင်္ဘော တွေက ကသာဆိပ်ကမ်းကနေထွက်လာပြီး သိပ်မကြာဘူး တုန်းပေါရွာအကျော် သာစည်ရွာရှေ့မှာ ကာကွယ်ရေးအဖွဲ့တွေက လက်နတ်ကြီးနဲ့ ပစ်ခတ်တာ ပွင့်ဖြူအမည်ရတဲ့ သင်္ဘောကတော့ အင်ဂျင်ထိသွားတယ်။ သူတို့က သုံးဆယ်ပေး ရွာထိပ်ရောက်မှ ပစ်ခတ်နေတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် လက်ရှိအချိန်အထိ မရှိသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကသာမြို့ပေါ်ကနေ အပြာဝတ်နဲ့ ခြေထောက်မှာ ခြေကျင်းခတ်ထားတဲ့ အကျဉ်းသား ၄ ယောက် အပါအဝင် စစ်ကောင်စီ လက်အောက်ခံ NON-CDM ဝန်ထမ်း ၆၀ ကိုလည်း သင်္ဘောပေါ်တင်ခေါ်သွားတယ်လို့ ကသာမြို့ပေါ်နေ ပြည်သူတွေက ပြောပါတယ်။