ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းနဲ့ ဖယ်ခုံဘက်အစွန်ဖျားတွေမှာနေထိုင်တဲ့ စစ်ရှောင်တွေဟာ ကြွက်သောင်းကျန်းတဲ့ဒဏ်ကို ခံနေကြရတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေနေထိုင်တဲ့ အနီးမှာစွန့်ပစ်တဲ့ စားကြွင်းစားကျန်တွေကို ကြွက်ဝမ်းပူလေးတွေ လာစားရင်း လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး ပေါများလာတာ ဖြစ်ပါတယ်။
စစ်ရှောင်တွေကိုကူညီနေသူ ကိုဖိုးဇော်က “ပုံမှန်ရွာထဲမှာဆို လိုက်ရိုက်လို့ရတယ်။ စစ်ရှောင်စခန်းမှာက တာလဘတ်တွေပြဲမှာစိုးလို့ လိုက်မရိုက်ရဘဲ အရမ်း သောင်းကျန်းနေတယ်” လို့ ပြောပါတယ်။
ကြွက်သတ်ဆေးသုံးရင်လည်း အနီးအနားက ရေကန်ကို စစ်ရှောင်တွေ သုံးစွဲနေရတာဖြစ်လို့ ကြွက်သေကနေ အန္တရာယ်ဖြစ်မှာစိုးတာကြောင့် မသုံးနိုင်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အလှူရှင်တွေ လှူထားတဲ့ဆန်ကို ကြွက်ကိုက်မှာစိုးရိမ်လို့ ညစောင့်အိပ်တဲ့ အခါမှာလည်း အိပ်တဲ့သူတွေရဲ့ လက်နဲ့ မျက်နှာကို ကြွက်တွေလာကိုက်တတ်တယ်လို့ သိရပါတယ်။
ကြွက်ကပ်ကော်ဘူးသေးတဘူးကို မြေပြန့်ဒေသမှာ ကျပ် ၂၄၀၀ လောက် ပေးဝယ်ရပေမယ့် အဲဒီဒေသတွေမှာတော့ ကျပ် ၃၆၀၀ ကနေ ၄၀၀၀ ထိ ပေးရတာကြောင့် စစ်ရှောင်တွေဟာ ကြွက်ထောင်ချောက်ဝယ်ဖို့နဲ့ ကြွက်ကပ်ကော်ဝယ်ဖို့ အတွက်လည်း ဝင်ငွေမရှိလို့ ခက်ခဲနေကြတာပါ။