စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင် စစ်ရှောင် အမျိုးသမီးတွေဟာ အာဟာရချို့တဲ့ကြတာကြောင့် မွေးလာတဲ့ ကလေးငယ် တချို့ဟာလည်း နေ့မစေ့ ပေါင်မပြည့်ကလေးတွေဖြစ်တယ်လို့ စစ်ရှောင်တွေကို ကျန်းမာရေးကုသပေးနေသူတွေက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ နောက်ကျမှရောက်လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရှိသလို မမွေးနိုင်မှရောက်လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး စစ်ရှောင်တွေလည်း ရှိပါတယ်။
စစ်ရှောင်ကိုယ်ဝန်သည်တွေ မွေးလာတဲ့ ကလေးတွေကိုလည်း ကာကွယ်ဆေး မထိုးပေးနိုင်သေးဘူးလို့ ကူညီနေတဲ့အဖွဲ့တခုဖြစ်တဲ့ People's Healthcare Network(kalay) ရဲ့ တာဝန်ခံဆရာဝန် Dr.Joshua က ပြောပါတယ်။
ကလေးမြို့ပေါ်က စစ်ကောင်စီ ဖွင့်ထားတဲ့ဆေးခန်းတွေမှာ တချို့က ကာကွယ်ဆေး သွားထိုးတာရှိပေမယ့် လမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့် အများစုက ကာကွယ်ဆေးသွားမထိုးနိုင်ကြပါဘူး။
PHN (kalay)ကဖွင့်ထားတဲ့ ဆေးရုံမှာ စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီး ခွဲမွေး လူနာဦးရေ ၅၀ ဝန်းကျင်နဲ့ ရိုးရိုးမွေးလူနာ ၇၅ ယောက် ရှိပြီး ဇူလိုင်လအတွင်းမှာတော့ ခွဲမွေးလူနာ ၂ ယောက်နဲ့ ရိုးရိုးမွေးလူနာ ၆ ယောက်ရှိခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေးကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆေးရုံဆေးခန်းတွေကို အချိန်မီမလာနိုင်ကြဘူးလို့ ကျန်းမာရေးကြီးကြပ်ဆရာမတယောက် ပြောပါတယ်။
ကလေးမြို့တောင်ပိုင်းက မိသားစုတွေမှာ တမိသားစုကို ကလေး ၅ ယောက် အနည်းဆုံး ရှိတတ်ကြပြီး အသက် ၄၀ ကျော်တဲ့အထိ ကိုယ်ဝန်ဆောင်ကလေးမွေးတာတွေ ရှိတာကြောင့် PHN (kalay) က ဦးဆောင်ပြီး သားဆက်ခြားပညာပေး ဟောပြောတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးတော့ အိမ်ထောင်ရှိ စစ်ရှောင်အမျိုးသမီးတွေကိုလည်း သားဆက်ခြားဆေးထိုးပေးတာ၊ သားဆက်ခြားပစ္စည်း (လက်မောင်းပိုက်)ထည့်ပေးတာနဲ့ သန္ဓေတား သောက်ဆေး ပေးတာတို့ကိုလည်း PHN (kalay) က လုပ်ပေးနေပါတယ်။