မြဝတီ၊ အာရှလမ်းမကြီးပြန်ပွင့်ပြီး ကားတွေသွားလာခွင့်ရလာပြီးနောက်ပိုင်း စားအုန်းဆီစျေးနှုန်း ပြန်လည်ကျဆင်းလာတယ်လို့ မန္တလေးမှာရှိတဲ့ ဆီရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
ကမ္ဘာ့စာအုန်းဆီစျေးတွေလည်း ကျဆင်းလာနေတာဖြစ်ပြီး စားအုန်းဆီစျေးနှုန်းဟာ သြဂုတ် ၂၂ ရက်နေ့က လက်ကားစျေး ၁ ပိဿာကို ကျပ် ၁၀,၈၀၀ အထိရှိပြီး ဒီနေ့ သြဂုတ် ၂၇ ရက်မှာတော့ လက်ကားစျေး ၁ ပိဿာကို ကျပ် ၈,၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
မန္တလေးမှာ စားအုန်းဆီလက်ကားရောင်းဝယ်နေသူတယောက်က “စားအုန်းဆီစျေးက ၄ ရက် အတွင်းကို သိသိသာသာကျသွားတယ်။ အဓိက က အချက် ၂ ချက်ကြောင့်ပေါ့။ ကမ္ဘာ့စားအုန်းဆီစျေးနှုန်းကျသွားသလို မလေးရှားကလည်း အခွန်လွတ် ပေးသွင်းတယ်လေ။ နောက်တချက်က မြဝတီ အာရှလမ်း ပွင့်သွားလို့ပါ။ မြဝတီနယ်စပ်က ဆီတွေကို ပဲခူးနဲ့ အဲဒီအောက်ဘက်က အဓိက အသုံးပြုနေရတာကို။ လက်ရှိက ထပ်ကျဖို့ရှိပါတယ်။ အတိအကျတော့ သေချာမပြောနိုင်သေးဘူး" လို့ ပြောပါတယ်။
စားအုန်းဆီစျေးနှုန်းတွေဟာ လက်ကားစျေးကွက်ထဲမှာသာမက လက်လီစျေးကွက် မှာလည်း ပြန်လည်ကျဆင်းနေသလို မြေပဲဆီ၊ နှမ်းဆီနဲ့ နေကြာဆီတို့လည်း စျေးနှုန်းကျဆင်းခဲ့တယ်လို့ စာသုံးဆီရောင်းဝယ်သူတယောက်က ပြောပါတယ်။
"အရင်ရက်က စျေးက ကျပ် ၁၂,၀၀၀ လောက်ထိရှိပေမယ့် ဒီနေ့မှာတော့ ၉,၀၀၀ လောက်ပဲရှိတော့တယ်။ ဆီစျေးကျပေမယ့် သိပ်အရောင်းမသွက်ပါဘူး။ ပုံမှန်ဝယ်နေကျ တဆယ်သား၊ နှစ်ဆယ်သားလောက်ပဲ ဝယ်တာပါ။ တခြားမြေပဲဆီတို့ နေကြာဆီတို့လည်း စျေးကျတယ်။ ဘာလို့ကျလဲတော့ သေချာမသိဘူး။ ကျတယ် ဆိုတော့လည်း အကျစျေးနဲ့ရောင်းရတာပေါ့" လို့ ပြောပါတယ်။
ဆီစျေးနှုန်း အနည်းငယ်ကျဆင်းပေမဲ့ အခြေခံလူတန်းစားတွေရဲ့ဝင်ငွေနဲ့ယှဉ်ရင် များပြားနေဆဲဖြစ်ပြီး အရင်လို ပိုပိုလျှံလျှံစားသုံးဖို့ ခက်ခဲနေဆဲပဲလို့ အိမ်ရှင်မတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့စားသုံးသူရေးဦးစီးဌာနရဲ့ စားအုန်းဆီရည်ညွှန်းစျေးနှုန်းဟာ ၁ ပိဿာကို ကျပ် ၄၀၆၅ ကျပ်ပဲ ရှိပြီး ပြည်တွင်းစားအုန်းဆီပေါက်စျေးနဲ့ယှဉ်ရင် ၂ ဆကျော် ကွာဟနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စာသုံးဆီလုံလောက်မှုမရှိတာကြောင့် ပြည်ပကနေ နှစ်စဉ် တန်ချိန် ၉ သိန်း တင်သွင်းနေရတာဖြစ်ပါတယ်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာနဲ့ မသမာတာတွေပြုလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။