မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ဒေသကာကွယ်ရေး အမှတ် ၆ တပ်ရင်းနယ်မြေထဲမှာ ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲခဲ့ပြီး PDF သင်တန်းသား ၆ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းတခုရဲ့ ပြန်ကြားရေးတာဝန်ခံက ဩဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
ဩဂုတ် ၁၅ ရက် မနက် ၈ နာရီကျော်ကပေါက်ကွဲခဲ့တာဖြစ်ပြီး မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်းက ရဲဘော်တွေဖြစ်တဲ့ မောင်အောင်ပြည့်စုံ(ခ)ကိုပြည့်(တပ်စုမှူး)နဲ့ မောင်ချစ်စန်းလွင်(ခ)ကိုရဲနိုင် (တပ်စိတ်မှူး)တို့ဟာ တခြားတပ်ဖွဲ့က သင်တန်းသား ၄ ယောက်တို့နဲ့ အတူ ပေါက်ကွဲမှုမှာသေဆုံးခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူရိန်က ပြောပါတယ်။
“လက်နက် Rocket ထုတ်လုပ်ရေးအပိုင်း သင်တန်းသား စေလွှတ်ခဲ့တာ။ ရဲဘော် ၂ ဦး သင်ယူရတဲ့ အပိုင်းက ထုတ်လုပ်နေတဲ့ ထိပ်ဖူးအပိုင်းထည့်နေတုန်း ယမ်း error တက်ခဲ့လို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရတယ်။ အဲဒီမှာ တခြား တပ်ရင်းက ရဲဘော် ၄ ဦးနဲ့အတူ ကျနော်တို့ တပ်ရင်းက ၂ ဦး သေဆုံးသွားခဲ့ရပါတယ်"
ပေါက်ကွဲမှုဖြစ်တဲ့ အဲဒီစက်ရုံဟာ ပခုက္ကူခရိုင်ထဲကဖြစ်ပြီး ပေါက်ကွဲမှုမှာပါတဲ့ တခြားတပ်ရင်းက ရဲဘော် ၄ ယောက် အကြောင်းကိုတော့ အသေးစိတ်မသိရဘူးလို့ ဗိုလ်သူရိန်က ဆိုပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော် ကိုပြည့်နဲ့ ရဲဘော် ကိုရဲနိုင်တို့အတွက် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေက ကျန်ရှိသူ မိသားစုဝင်တွေနဲ့ ထပ်ထူ ဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။