မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်က ဆောက်လက်စတိုက်မှာ ဩဂုတ် ၂၅ ရက် မနက်ပိုင်းက ဆောက်လုပ်ရေးအလုပ်သမား ၃ ယောက် အောက်ဆီဂျင်ပြတ်တောက်ပြီး ၁ ယောက် သေဆုံးသွားတယ်လို့ မြို့ခံကယ်ဆယ်ရေး အသင်းတွေဆီက သိရပါတယ်။
၁၀၂×၁၀၃ လမ်းကြား၊ ၃၆ အေလမ်း မှာရှိတဲ့ ဆောက်လက်စတိုက်ရဲ့ မိလ္လာကန်ထဲကို အဲဒီနေ့ မနက်ပိုင်းမှာ အသက် ၂၀ ကျော်အမျိုးသား ၂ ယောက်နဲ့ အသက် ၃၀ ကျော် အမျိုးသား ၁ ယောက်တို့ဆင်းခဲ့ပြီး ၃ ဘောက်လုံး ကန်ထဲမှာ သတိလစ်မေ့မြောနေခဲ့တာ ဖြစ်ပါတယ်။
ဧရာမေတ္တာအသင်းဝင်တယောက်က “အသက် ၂၀ ကျော် တယောက်က အပေါ်ရောက်တော့ ဘာမှလှုပ်ရှားမှု မရှိတော့ဘူး။ DB ပါ။ တိုက်က ဆောက်လက်စ ၂ ထပ် တိုက်ပါ။ မိလ္လာကန်ထဲ ဆင်းရင်း ဖြစ်သွားတာ။ အားလုံး ၂၀ ကျော်က ၂ ယောက်၊ ၃၀ ကျော်က တယောက်ပါ ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်ကို မနက် ၁၁ နာရီလောက်မှာ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက်အသင်းတွေကို အကြောင်းကြားခဲ့လို့ ပူးပေါင်းကယ်ဆယ်ခဲ့ကြတာဖြစ်ပြီး ကန်အပေါ်ပြန်ရောက်လာတဲ့ ဆောက်လုပ်ရေးအလုပ်သမား အမျိုးသား ၃ ယောက်ထဲက အသက် ၂၀ ကျော် အမျိုးသားတယောက် သေဆုံးခဲ့တာပါ။
အောက်စီဂျင်ပြတ်ပြီး သတိလစ်နေတဲ့ အမျိုးသား ၂ ယောက်ကို ဧရာမေတ္တာ အသင်းယာဉ်နဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး သေဆုံးသူရုပ်အလောင်းကို PR-22 အမှတ်နဲ့ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
မန္တလေးမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်က ဆောက်လက်စတိုက်ရဲ့ မြေအောက်ကန်ထဲမှာဆောက်လုပ်ရေးလုပ်သား ၂ ယောက် အောက်စီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့ပါတယ်။