ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ကျောင်းကြိုစစ်ကား ပစ်ခတ်ခံရပြီးနောက်ပိုင်း ဩဂုတ် ၁၉ ရက်ကနေ ၂၆ ရက်အထိ သံသယရှိတယ်ဆိုပြီး အမျိုးသား၊ အမျိုးသမီး ၁၇ ယောက် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၉ ရက် ညနေ ၃ နာရီက အ.ထ.က ၁ ကျောင်းနားမှာ ကျောင်းလာကြိုတဲ့ ခမရ ၃၈၁၊ ၃၈၂ က တပ်ဖွဲ့ဝင် ၂ ယောက် သံလွင်တိုက်တန်းရှေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့အပြင် လက်နက်တွေပါယူဆောင်သွားပြီးတဲ့နောက် အခုလို ဖမ်းဆီးတာတွေ ဖြစ်လာတာပါ။
ဖြစ်စဉ်ဖြစ်ပွားပြီး အဲဒီနေ့ ညနေမှာ လူငယ် ၂ ယောက်၊ ၂၀ ရက်နေ့မှာ ၂ ယောက်၊ ၂၁ ရက်နေ့မှာ ၄ ယောက်၊ ၂၅ ရက်နေ့မှာ အမျိုးသား အမျိုးသမီး ၅ ယောက်နဲ့ ၂၆ ရက်မှာ အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဒေသခံတယောက်က “မိုးကောင်းမှာ အခုလိုဖမ်းတာတော့ ပထမဆုံးပဲ။ စစ်ကားပစ်မှုနဲ့ ပတ်သက်ပြီး သံသယရှိတယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်သားတွေနဲ့ ရဲတွေက ဖမ်းသွားတာပဲ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို မိုးကောင်းမြို့အပိုင် ဧည့်သည်တပ်ခေါ် စစ်တပ်တွင်းမှာ စစ်ဆေးနေပြီး ဖိအားပေးခြိမ်းခြောက်တာတွေကြောင့် ထိခိုက်မှုရှိလာမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
လတ်တလောမှာတော့ ညပိုင်းတွေမှာ မိုးကောင်းမြို့ပေါ်ရပ်ကွက်တွေကို စစ်တပ်က လုံခြုံရေး တင်းကြပေထားတယ်လို့ သိရပါတယ်။