အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ကနာဗရယ်အငူမှာ SpaceX ကုမ္ပဏီရဲ့ Dragon အာကာသယာဉ်က နိုင်ငံတကာအာကာသစခန်း (ISS)ကို ဦးတည်ထွက်ခွာသွားပါတယ်။
Crew-7 လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ပေါ်မှာ အမေရိကန်၊ ဒိန်းမတ်၊ ဂျပန်နဲ့ ရုရှား စတဲ့ ကမ္ဘာ့နိုင်ငံ ၄ နိုင်ငံရဲ့ ယာဉ်မှူး ၄ ဦးအထိ လိုက်ပါသွားပြီး ဂရင်းနစ် စံချိန်တော်ချိန် မနက် ၇နာရီ၊ ၂၆ မိနစ်က ထွက်ခွာလာခဲ့တဲ့ ဒီယာဉ်ဟာ အာကာသထဲမှာ ဒုံးကျည်နဲ့ ခွဲထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီအာကာသယာဉ်ကို တွန်းတင်ပေးခဲ့တဲ့ Falcon 9 ဒုံးကျည်ကတော့ ကနာဗရယ်အငူရှိ အာကာသစခန်းမှာ အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ခဲ့တယ်လို့ နာဆာထုတ်ပြန်ချက်အရ သိရပါတယ်။
နာဆာရဲ့ Crew-7 မစ်ရှင်အရ ၂၂ နာရီကြာ ခရီးနှင်ပြီးနောက် နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
ဒါ့အပြင် ISS စခန်းပေါ်မှာ သိပ္ပံနည်းကျ စမ်းသပ်မှုတွေနဲ့ သုတေသနတွေပါ ဒီအဖွဲ့က ပြုလုပ်သွားဖို့ ရှိတယ်လို့ နာဆာအနေနဲ့ ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters