စီးပွားရေးကော်မတီဟာ နိုင်ငံရဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး စီးပွားရေးမှာ ပြည်တွင်းစီးပွားရေးနဲ့ ပြည်ပစီးပွားရေးဆိုပြီး ၂ ခု ရှိတယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ် ၂၅ ရက် မနေ့က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေးမှာပြောတာဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရတွေကို အပြစ်ပြောဆိုခဲ့သလို တချို့ဝိသမလောဘသမားတွေက ဈေးကစားနေတာတွေကို ကြပ်မတ်ဖို့ လိုတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုမှာ ကုန်သွယ်မှုလိုငွေတွေရှိခဲ့တယ်လို့ ပြစ်တင်ထောက်ပြပြီး သူတို့ကတော့ ဝိုင်းဝန်းပိတ်ဆို့တာ၊ ဖျက်လိုဖျက်ဆီး လုပ်တာတွေ ကြားကနေ နိုင်ငံ့စီးပွားရပ်တည်နိုင်အောင် ကြိုးစားခဲ့လို့ (ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး) GDP ကို အနုတ်ဖြစ်နေရာကနေ အပေါင်း ၃ ရာခိုင်နှုန်းအထက် ရအောင်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကုန်ထုတ်လုပ်ငန်းတွေလုပ်နိုင်ဖို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေရှိပြီး ဒါဟာ လျှပ်စစ်နဲ့ပတ်သက်လို့ ရေရှည်စီမံချက်နဲ့လုပ်ရတဲ့ စီမံကိန်းကြီးတွေ နှောင့်ယှက်ခံရ တာတွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ အကျိုးဆက်ပဲဖြစ်တယ်လို့ ပြောပါတယ်။
ပြည်တွင်းမှာ လိုအပ်တဲ့ စားသုံးဆီတွေကို ပြည်ပကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဖိုးလောက် တင်သွင်းနေရပြီး ခေတ်အဆက်ဆက်က ပြည်တွင်းစားသုံးဆီ လုံလောက်အောင်လုပ်နိုင်ပေမဲ့ ထိထိရောက်ရောက်မလုပ်ခဲ့တာကို တွေ့ရတယ်လို့ ထပ်ပြီး အပြစ်တင်ထားပါတယ်။
ဒါကြောင့် သူတို့အနေနဲ့ စားသုံးဆီထုတ်လုပ်တာမြင့်မားလာစေဖို့အတွက် နိုင်ငံ့စီးပွား ရန်ပုံငွေတွေထုတ်ပေးပြီး ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းစားသုံးဆီ ဖူလုံစေတာကတဆင့် ပြည်ပကို ပြန်တင်ပို့နိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ပြီးတော့ စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံတွေ ရပ်တန့်ထားခဲ့ရတယ်လို့ ထပ်အပြစ်တင်ဝေဖန်ပြီး သူတို့အနေနဲ့ ဒီစက်ရုံတွေ ပြန်လည်ပတ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
ငွေကြေးဈေးကွက်ကိုအဓိက ကစားနေကြသူတွေဟာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြား ငွေနဲ့ ရွှေကိုင်ထားကြသူတွေဖြစ်ပြီး နိုင်ငံခြားငွေကိုင်ထားသူတွေက နိုင်ငံခြားငွေ တန်ဖိုးတက်အောင်၊ မြန်မာကျပ်ငွေကိုင်ထားသူတွေက ရွှေဝယ်ပြီး ရွှေဈေးတက်အောင် လုပ်နေတာကို တွေ့ရသလို မော်တော်ယာဉ်တွေရဲ့ ဈေးနှုန်းဟာလည်း ထိုက်သင့်တဲ့ ဈေးထက် များနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီနိုင်ငံမှာ အကျိုးအမြတ်အလွယ်တကူနဲ့ မြိုးမြိုးမြတ်မြတ်ရနိုင်တဲ့အလုပ်တွေကိုပဲ လုပ်ချင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာနည်းနေလို့ ပြည်ပကနေ သွင်းကုန်တွေ တင်သွင်းနေရတာလို့လည်း ပြောပါတယ်။
ဒါ့အပြင် မကြာခင်ရောက်လာမယ့် ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက်လည်း တိုင်းနဲ့ ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင်ထားဖို့လည်း သူက ပြောပါတယ်။
photo-dsinfo