ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းစစ်ဘေးရှောင်စခန်းတွေမှာ ရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲကျင်းပနေကြတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
အဲဒိုပေါ်မီ(ခေါ်)ဒီးကူပွဲဟာ ကယားလူမျိုးတွေရဲ့ ရိုးရာပွဲတခုဖြစ်ပြီး ဩဂုတ်လ နှောင်းပိုင်းကစလို့ အောက်တိုဘာ ဒုတိယပတ် စပါးနှံမပေါ်ခင်အထိ ကရင်နီပြည်နယ်အနှံ့ တနေရာနဲ့တနေရာ ကျင်းပချိန်တွေမတူကြပါဘူး။
ဒီးမော့ဆို အနောက်ဘက်ခြမ်းစစ်ရှောင်စခန်းတွေမှာတော့ ဒီးကူပွဲကို ဩဂုတ် ၂၄ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပကြမှာ ဖြစ်ပါတယ်။
ကယားလူမျိုးတယောက်က “ရိုးရာယဉ်ကျေးမှုကိုပြသတဲ့ပွဲဖြစ်တာပေါ့၊ ဆွေမျိုး မိတ်ဆွေတွေကို ဖိတ်ကြားပြီး ခေါင်ရည်နဲ့ဧည့်ခံတယ်။ အဓိကတော့ စပါးနှံတွေ အောင်မြင်ဖို့အတွက် နတ်တင် ဆုတောင်းကြတာပါ” လို့ ပြောပါတယ်။
အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲကို ကြက်ရိုးထိုးခြင်း၊ ခေါင်ရည်ကိုနတ်တင်တာ၊ စည်းလုံးတာကိုပြသတာ၊ မိုးခေါ်တာနဲ့ စိုက်ပျိုးသီးနှံတွေ အောင်မြင်ဖြစ်ထွန်းဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပကြတာဖြစ်ပါတယ်။
ဒီပွဲမှာ အဓိက ဧည့်ခံတဲ့စားစရာတခုအဖြစ် ကိုင်းပင်တမျိုးဖြစ်တဲ့ ဒီးကူပင်ရဲ့အရွက်တွေနဲ့ ကောက်ညှင်းထုပ်ပြုလုပ်ကြတယ်လို့ သိရပါတယ်။