ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ကယား(ကရင်နီ)ပြည် ဒီးမော့ဆိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ကေအန်န်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ-၃၊ လယ်ဒို(ကျောက်ကြီး) မြို့နယ်က သဲသောမူသဲသောခွားကျေးရွာကို သြဂုတ် ၂၄ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ (ကော်သူးလေ) ဆီကနေ သိရပါတယ်။
ဗုံးကြဲလေယာဉ်ဟာ နေ့လယ် ၁ နာရီခွဲနဲ့ နောက်ထပ် ၁ နာရီလောက်အကြာမှာ ဗုံး ၆ လုံး လာရောက် ကြဲချခဲ့တာကြောင့် အသက် ၂၈ နှစ်အရွယ် ဒေသခံ စောဘဘယ်စယ်ဖိုး ဗုံးစထိမှန် သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့က ရဲဘော်မေတ္တာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ထီးပေါ်ဆို ရွာနားမှာလည်း စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး သြဂုတ် ၂၃ ရက် နေ့လယ်ကစလို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တယောက်က "မနေ့က နေ့လယ်ပိုင်းကစပြီး တောက်လျှောက်ပဲ။ ဘယ်နှစ်ကြိမ်မှန်းကို မသိဘူး။ လေယာဉ်အသံက တခါမှ မကြားဖူးတဲ့ အသံမျိုး၊ ခါတိုင်းသုံးနေကျ လေယာဉ် မဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်တပ်က ခန့်မှန်းအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးဒဏ်ရာရတာရှိပေမယ့် အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ မယ်စဲ့မြို့နယ်ကို ရိက္ခာတွေပို့တဲ့လမ်းကြောင်းလိုချင်တာကြောင့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ရရှိဖို့ နည်းလမ်းမျိုးစုံသုံး တိုက်ခိုက်နေတယ် လို့ ရဲဘော်တွေဆီက သိရပါတယ်။