စစ်ကောင်စီတပ်ကို ပြန်လည်ပုန်ကန်တိုက်ခိုက်ကြဖို့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားလှုံ့ဆော်ခဲ့တဲ့ မင်္ဂလာဒုံ စစ်ဘက်ဆိုင်ရာဆေးတက္ကသိုလ် ဗိုလ်လောင်းတယောက်ကို စစ်ဘက်ဆိုင်ရာတရားရုံးက သြဂုတ် ၂၃ ရက်မှာ သေဒဏ်ပေးခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ် ရန်ကုန်ပြည်လမ်းမကြီးနဲ့ ခရပင်လမ်းထောင့် အမှတ် ၉၄ ဃ (င) အဆောင်မှာထိုင်တဲ့ ဆေးပညာမဟာသိပ္ပံ အပတ်စဉ် ၂၉ ဗိုလ်လောင်းတယောက်ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်မှာ ဖမ်းဆီးပြီး တိုင်းစစ်ဘက်ဆိုင်ရာတရားရုံးက တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (ဌ)နဲ့ သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။
တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတစ်ဦးက "တပ်မတော်အက်ဥပဒေအရ ပုဒ်မ ၃၂ မှာ ပုဒ်မခွဲ(က) ကနေ (တ)အထိရှိတယ် အကုန်လုံးသေဒဏ်ချည်းပဲ။ သူ့ကို အဲ့ဒါနဲ့ အမိန့်ချတာ သူရဲ့ဥပဒေမှာက ရန်သူနဲ့သက်ဆိုင်တဲ့အမှု ၊ သေဒဏ်ထိုက်သင့်သောပြစ်မှုလို့ ဖော်ပြထားတယ်။ အဲဒါကြောင့် သေဒဏ်ပေးတာပါ" လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ဆေးပညာမဟာသိပ္ပံအမှတ် ၂၆ မှ ၂၉ အထိ သင်ကြားခဲ့ရာ အမှတ်စဥ် ၂၉ မှ ဗိုလ်လောင်းအရာရှိတယောက်က လူမှုကွန်ရက်စာမျက်နှာမှာ ဗိုလ်လောင်းတွေ ပုန်ကန်ထိကြွဖို့ တိုက်တွန်းရေးသားခဲ့တာကြောင့် ဖမ်းဆီးအရေးယူ ခံရတာဖြစ်ပါတယ်။
မင်္ဂလာဒုံတပ်နယ်မှ အမည်မဖော်လိုသူတစ်ဦးက "၂၀၂၃ နှစ်စမှာဖြစ်တာ။ ဖမ်းတာ ၅ လပိုင်း ၁၇ ရက်မှာ ဖမ်းတာ။ ဗိုလ်ကြီးအုန်းကျော်မြင့်လို ဖြစ်မှာကြောက်တာ။ ပါမောက္ခချုပ်ဗိုလ်မှူးချုပ်က ကျောင်းအုပ်ကြီးကို အကြောင်းကြားပြီးမှဖမ်းတာ "လို့ ရှင်းပြပါတယ်။
တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (ဌ) မှာ တပ်မတော်ရှိတပ်ဖွဲ့များ၏၊ သို့တည်းမဟုတ် ထိုတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်တပ်ဖွဲ့ တခုခု၏ သို့တည်းမဟုတ် အဆိုပါတပ်ဖွဲ့များရှိ အစိတ်အပိုင်းတခုခု၏ အောင်မြင်မှုကို အန္တရာယ်ဖြစ်စေ ရန်ရည်စူးလျက်၊ မည်သည့်ပြုလုပ်မှုကိုမဆို သိလျက်နှင့်ပြုလျှင်၊ သေဒဏ်ထိုက်သည်ဟု ဖော်ပြထားပါတယ်။
မင်္ဂလာဒုံစစ်ဘက်ဆိုင်ရာဆေးတက္ကသိုလ်မှာ ဆေးပညာမဟာသိပ္ပံအပတ်စဥ် ၂၈ မှာတက်ရောက်တဲ့ ဗိုလ်လောင်း ၂၃၂ ဦးရှိပြီး ဆေးပညာမဟာသိပ္ပံအပတ်စဥ် ၂၉ မှာ အရင်က ဗိုလ်လောင်း ၃၀၄ ဦးရှိရာမှ အခု ၃၀၃ ရှိသာ ရှိပါတယ်။
Photo-CINCDS