အာဖရိကတိုက်ရဲ့ စက်မှုထွန်းကားမှုနဲ့ စိုက်ပျိုးရေး ခေတ်မီမှုအပေါ် အကူအညီပေးမယ့် တရုတ်နိုင်ငံရဲ့ ပဏာမခြေလှမ်းတွေကို စတင်တော့မှာဖြစ်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
BRICS ထိပ်သီးညီလာခံရဲ့ ပြင်ပအစည်းအဝေးတခုမှာ တရုတ်သမ္မတက အာဖရိက ခေါင်းဆောင်တွေကို အခုလို ပြောကြားခဲ့တာပါ။
“တရုတ်နိုင်ငံဟာ အာဖရိကတိုက်နဲ့ ပူးပေါင်းဆောင်ရွက်ကာ ဒေသတွင်း အရင်းအမြစ်တွေကို အသုံးချရာမှာ ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ စီးပွားရေးဆိုင်ရာ ကွဲပြားခြားနားမှု၊ စက်မှုဖွံ့ဖြိုးမှုအပေါ် နားလည်သဘောပေါက်မှုနဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍ တိုးတက်လာအောင် ပဏာမခြေလှမ်းတွေနဲ့အတူ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဆိုပြီး ရှီက မှတ်ချက်ပေးပါတယ်။ ဒါပေမဲ့လည်း ဒီအစီအစဉ်တွေရဲ့ အသေးစိတ်ကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။
BRICS အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာပဲ ရှီကိုယ်တိုင် ကတိပြုခဲ့တာ ဖြစ်ပါတယ်။
လစ်ဗျား၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါနဲ့ ဇမ်ဘီယာ စတဲ့ အာဖရိက ၁၁ နိုင်ငံ အပါအဝင် အာဖရိကသမဂ္ဂရဲ့ ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေနဲ့အတူ တရုတ်သမ္မတက သီးခြားတွေ့ဆုံခဲ့တာပါ။
ဒါ့အပြင် BRICS အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတို့ကလည်း အီဂျစ်နဲ့ အီသီယိုးပီးယား အပါအဝင် ကမ္ဘာ့နိုင်ငံ ၆ နိုင်ငံကို အဖွဲ့ဝင်သစ် အဖြစ် လက်ခံဖို့အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ သဘောတူညီခဲ့ကြပါတယ်။
Source - Reuters