စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ဖက်စပ် ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့လာတဲ့ ပြည်သူ့စစ် (ပျူစောထီး) တပ်ဖွဲ့ဝင် ၁၄ ဦးကို အရှင်ဖမ်းဆီးမိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ကြေးနီစီမံကိန်းအတွင်း တာဝန်ထမ်းဖို့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခမှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ထားတဲ့သူတွေ ဆားလင်းကြီးဘက်ကို လာရောက်မယ်လို့ သတင်းရရှိတဲ့အတွက် သြဂုတ် ၂၄ ရက် နေ့လယ် ၃ နာရီခွဲလောက်က ပုသိမ်-မုံရွာလမ်းပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ Union Liberation Front - ULF ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ဒီဗွီဘီကို ပြောပါတယ်။
“သတင်းအရ စောင့်ဖမ်းတာပါ။ ဖမ်းဆီးရမိသူတွေဆီက ပြည်သူ့စစ် အိတ်ဆောင်ကတ်တွေနဲ့အတူ ပြည်သူ့စစ်ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။ အသက် ၂ဝ ခန့်နဲ့ ၃ဝ ဝန်းကျင်တွေပါ၊ ၄ဝ နားကပ်နေတဲ့သူ ၁ ယောက် ပါတယ်ဗျ။ အခုတော့ မြို့နယ် ပလဖကို အပ်လိုက်ပါပြီ။ တရားဥပဒေအရပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျ။”
ဖမ်းဆီးရမိသူတွေက နတခမှာ အခြေခံ ပြည်သူ့စစ်သင်တန်း တက်ရောက်ထားပြီး ကြေးနီစီမံကိန်းထဲကို ရောက်ရင် ထပ်မံ သင်တန်းတက်ရောက်ရမှာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။
အဆိုပါဖမ်းဆီးမှုကို ULF အဖွဲ့ဝင် Alpha Column တပ်ခွဲ-၁ Alpha Special Force နဲ့ တပ်ခွဲ-၃ Chindwin Galone Yarzar Guerrilla Defense Force က ရဲဘော်တွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ULF တာဝန်ရှိသူက “ပြည်သူ့စစ်ဖြစ်ဖြစ်၊ ပျူပဲဖြစ်ဖြစ် အသိတရားရကြပါ၊ ပြည်သူနဲ့ ပူးပေါင်းပါ။ မဟုတ်ရင်တော့ နောက်လည်းမလာနဲ့၊ လာလည်းမနောက်နဲ့လို့ ပြောချင်ပါတယ်။ လာခဲ့ရင်လည်း သူတို့အတွက် ဘာမှကောင်းတာတွေ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲက တရုတ်အစိုးရနဲ့ စစ်ကောင်စီလက်အောက်ခံ ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းဟာ ပြည်သူပိုင်မြေယာတွေကို ခြံစည်းရိုးခတ်ကာ မတရားသိမ်းယူနေပြီး စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်တဲ့အခါ စားသောက်နေထိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးကာ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အပါအဝင် ပြည်သူတွေကို ဖမ်းဆီးခေါ်ယူ နှိပ်စက်တာတွေကို မကြာခဏ လုပ်ဆောင်နေပါတယ်။
ပြည်သူ့စစ်(ပျူစောထီး) နဲ့ စစ်မှုထမ်းဟောင်း သားသမီးတွေကို ခေါ်ယူနေကာ သင်တန်းပေးတာ၊ ကုမ္ပဏီလည်ပတ်နိုင်ရေး၊ စစ်ကောင်စီစစ်ကြောင်းအတွင်း ဖြည့်တင်းနိုင်ရေးတွေအတွက် အင်အားစုဆောင်းနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။