ထိုင်းဝန်ကြီးချုပ်သစ် ခွန်ဆေထာ ထဝီးဆင်ဟာ ဩဂုတ် ၂၄ ရက်က ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာနဲ့ ပထမဆုံး တွေ့ဆုံရာမှာ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို ကျော်လွှားဖို့ ဆွေးနွေးခဲ့ပါတယ်။
အားကြီးတဲ့ ပြိုင်ဘက်တွေပါတဲ့ ၁၁ ပါတီ မဟာမိတ်အဖွဲ့ကနေ အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေချိန်မှာ ခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ခွန်ဆေထာဟာ သြဂုတ် ၂၂ ရက်မှာ လွှတ်တော်တွင်း မဲပေးရာက ဝန်ကြီးချုပ် ဖြစ်လာတာပါ။ သူ့ရဲ့ ဖွေ့ထိုင်းပါတီက ဦးဆောင်တဲ့ အစိုးရတွေကို ဖြုတ်ချဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံပါတီတွေ ပါဝင်တဲ့ ပရိယာယ်များတဲ့ ညွန့်ပေါင်းအဖွဲ့ကို ခွန်ဆေထာက ဦးဆောင်မှာ ဖြစ်ပါတယ်။
အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ခွန်ဆေထာ ထဝီးဆင်ဟာ လွန်ခဲ့တဲ့လ အနည်းငယ်ကမှ နိုင်ငံရေးလောကထဲကို ဝင်လာခဲ့ပြီး အစိုးရပိုင်းမှာ အတွေ့အကြုံမရှိပါဘူး။
အစိုးရသစ်ဟာ စက်တင်ဘာလနှောင်းပိုင်းမှာ လုပ်ငန်းမစတင်မီ သူတို့ရဲ့ မူဝါဒဆိုင်ရာ ရည်မှန်းချက်တွေကို လွှတ်တော်ရဲ့ ပူးတွဲအစည်းအဝေးဆီမှာ တင်ပြရမှာပါ။
ခွန်ဆေထာကတော့ သူ့တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှုကို ဆောင်ကြဉ်းပေးပြီး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီးတဲ့နောက် တိုင်းပြည်ရှေ့ဆက်သွားမယ့် မူဝါဒတွေကို မြှင့်တင်သွားမယ်လို့ သြဂုတ် ၂၃ ရက်မှာ ကတိပြုခဲ့ပါတယ်။
ခွန်ဆေထာဟာ ထိုင်းဘုရင်ရဲ့ ထောက်ခံမှုကို ခံယူပြီးတဲ့နောက် ပြောတဲ့ နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထိုင်းနိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားအတွက် အားလုံးပါဝင်နိုင်ရေးနဲ့ အုပ်ချုပ်မှုမြှင့်တင်ဖို့ ကတိပြုရင်း အပြောင်းအလဲခေတ်သစ်ဆီ ချီတက်ဖို့ ကတိပြုခဲ့ပါတယ်။ ပြည်သူတွေအတွက် ခေါင်းဆောင် ဖြစ်လာမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။
အသက် ၆၀ အရွယ် ခွန်ဆေထာရဲ့ အောင်ပွဲဟာ ညွန့်ပေါင်းအစိုးရသစ်အတွက် လမ်းခင်းပေးခဲ့ပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း မရေရာမှုတွေနဲ့ မတည်မငြိမ် ဖြစ်မှုတွေကို အဆုံးသတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အင်အားကြီး စစ်တပ်ရဲ့ နိုင်ငံရေးသြဇာအာဏာကို အားနည်းသွားစေလိမ့်မယ် လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ခွန်ဆေထာက သတင်းထောက်တွေကို အတိုချုံး မှတ်ချက်ချပြီး ထိုင်းဘုရင်ရဲ့ ထောက်ခံမှုကို လက်ခံရရှိပြီးရင် သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ပြောပါတယ်။ ထောက်ခံချက်အတွက် ရက်အတိအကျ မသတ်မှတ်ရသေးပါဘူး။
Source - Reuters