ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မိန်းမခိုးပြီး ပြန်လာတဲ့ ရဲတွေ စီးလာတဲ့ ဆိုင်ကယ်အုပ်စုကို သြဂုတ် ၂၂ ရက် ည ၁၀ နာရီ မိနစ် ၂၀ မှာ Phoenix-DF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
“နတ်တလင်းမြို့နယ် ကျောက်ကုန်းကျေးရွာမှာ ကင်းလှည့်ရင်း မိန်းမခိုး ပြန်လာတဲ့ တောင်ညိုရဲစခန်းက ရဲ ၆ ဦးနဲ့ အမျိုးသမီးတို့ စီးလာတဲ့ ဆိုင်ကယ် ၃ စီးကို ကံစုကျေးရွာ သုသာန်အနီးမှာ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၂၊ Phoenix-DF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးပြီး ခိုးရာလိုက်လာတဲ့ အမျိုးသမီးနဲ့ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသလို ဆိုင်ကယ် ၂ စီးလည်း ပျက်စီးသွားခဲ့တယ်” လို့ Phoenix- DF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အများပြည်သူရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီး ငွေတောင်းနေတဲ့ တောင်ညိုစခန်းက ရဲက မိန်းမခိုးပြီး ကျောက်ကုန်းရွာကနေ ဆိုင်ကယ်နဲ့ ကင်းလှည့် ပြန်လာတာကို ကံစုသုသာန်နားမှာ မိုင်းစောင့်ဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးအောင်ပွဲ နီးကပ်လာပြီမို့ စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကို တတ်နိုင်သလောက် ထောက်ပံ့ကူညီကြဖို့နဲ့ အားတင်းထားကြဖို့ လိုကြောင်း၊ ပြည်သူလူထုကို ဒုက္ခပေးနေသူတွေကို တိုက်ခိုက်သွားမှာမို့ စကစထောက်တိုင်တွေအနီး ပြည်သူတွေ မသွားဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။