အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အောရိန့်ချ်ကောင်တီရှိ ဆိုင်ကယ်သမားတွေရဲ့ ဘားတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားတဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံရဲမှူးရုံးက သြဂုတ် ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထရာဗြူကို ကမ်ညန်မြို့ရှိ Cook's Corner ဘားမှာ သေနတ်သမားက ပစ်ခတ်ခဲ့ပြီးနောက် နောက်ထပ် လူ ၆ ဦးကို ဆေးရုံပို့ဆောင်ထားရကြောင်း အောရိန့်ချ်ကောင်တီ ရဲမှူးက ပြောပါတယ်။
သမိုင်းဝင် ဆိုင်ကယ်သမားများဘားမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းကို CBS လော့စ်အိန်ဂျလိစ်က အရင်ဆုံး သတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီဘားမှာ အငြိမ်းစား ဥပဒေအရာရှိတဦးက ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ သေနတ်သမားကိုလည်း လက်ထောက်တွေက ပစ်သတ်လိုက်ကြောင်း KCAL သတင်းကို ကိုးကားဖော်ပြခဲ့ပါတယ်။
ရဲမှူးရဲ့ရုံးခန်းကတော့ သေနတ်သမားအကြောင်းနဲ့ သူ ဘယ်လိုပစ်သတ်ခံရတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီပစ်ခတ်မှုကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
Source - Reuters