မိုးသည်းထန် မြေပြိုကျလို့ ပျက်စီးသွားတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးသွားပြီး မကြာမီ ကုန်စည်ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်တော့မယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ကရင်ပြည်နယ်မှာ မိုးရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်က မြေပြိုမှုဖြစ်ပွားပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး လမ်းပိုင်း မီတာ ၁၀၀ လောက် ပဲ့ကျသွားလို့ ယာဉ်သွားလာမှုတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားခဲ့ရတာပါ။
အဆိုပါလမ်းကို ယာဉ်များပြန်လည်သွားနိုင်ဖို့ စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လမ်းဦးစီးဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီတို့က ဩဂုတ် ၁၀ ရက်မှစတင်ကာ ယာယီဘေလီတံတား တည်ဆောက်နေတာ ဖြစ်ပါတယ်။
လမ်းမကြီးကို ပြန်လည်ပြုပြင်နေချိန် သြဂုတ်လ ၂၁ ရက်ကစပြီး အရေးပေါ် သွားလာလိုတဲ့ ခရီးသည်တွေအနေနဲ့ လမ်းဆောက်လုပ်ရေး အလုပ်နားနေချိန်တွေမှာ ကားငယ်လေးတွေနဲ့ ဖြတ်သန်းသွားလာနေကြတယ်လို့ ခရီးသည် မွန်အမျိုးသမီးတဦးက ပြောပါတယ်။
အာရှလမ်းမကြီးကနေ မြဝတီမှ ဘားအံကို သွားလိုပါက မွန်းတည့် ၁၂ နာရီလောက်ကနေ မွန်းလွဲ ၁ နာရီအချိန်အထိ လမ်းဆောက်လုပ်ရေးလုပ်သားတွေ အလုပ်နား ထမင်းစားအချိန်ကို အခွင့်ကောင်းယူကာ သွားလာကြတာဖြစ်ပြီး ခရီးသည်တင်ယာဉ်ကြီးတွေနဲ့ ကုန်တင်ကားတွေကတော့ သွားလာရေးခွင့် မရသေးပါဘူး။
ကရင်ပြည်နယ်မှာ မြဝတီမြို့နဲ့ ဘားအံမြို့တို့ကို ဆက်သွယ်ထားတဲ့လမ်းကြောင်း ၃ သွယ်ရှိပြီး ထို့ကော်ကိုးလမ်း၊ ကော့ကရိတ်-မြဝတီလမ်းအဟောင်းနဲ့ အာရှလမ်းမကြီးတို့ ဖြစ်ပါတယ်။
လမ်းအဟောင်းမှာတော့ ယာဉ်ငယ်တွေ မြဝတီမှ ကော့ကရိတ်မြို့ရောက်ရှိဖို့ အချိန် ၄ နာရီလောက်ကြာအောင် မောင်းရပါတယ်။
ထို့ကော်ကိုးလမ်းမှာတော့ ၅ နာရီလောက် မောင်းရပြီး အာရှလမ်းမကြီးမှာတော့ ၄၅ မိနစ်သာ မောင်းရတဲ့အတွက် ခရီးသည်တွေ အသွားများတဲ့လမ်း ဖြစ်ပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပျက်နေတဲ့အတွက် စစ်ကောင်စီ တပ်တွေအတွက် ရိက္ခာပို့ဖို့နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လက်နက်နဲ့ စစ်ကူတွေ ပို့ဖို့ အခက်တွေ့နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
Photo - Myo Min/ ကရင်အမျိုးသားမီဒီယာ