မြောက်ကိုရီးယားရဲ့ ဒုတိယမြောက် ထောက်လှမ်းရေးဂြိုဟ်တုကို ပတ်လမ်းအတွင်းထားရှိဖို့ ကြိုးပမ်းမှုဟာ ဒုံးပျံလောင်စာရဲ့ တတိယအဆင့်မှာ ချွတ်ယွင်းမှုတခုကြောင့် မအောင်မမြင်ဖြစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အစီရင်ခံ ထုတ်ပြန်လိုက်ပြီး အာကာသ တာဝန်ရှိသူတွေက အောက်တိုဘာလမှာ ထပ်ကြိုးစားသွားမယ်လို့ ကတိပြုထားပါတယ်။
ဒုံးပျံရဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့် ပျံသန်းမှုတွေဟာ ပုံမှန်ဖြစ်ပေမဲ့ တတိယအဆင့် ပျံသန်းစဉ်အတွင်း အရေးပေါ်ပေါက်ကွဲမှုစနစ်မှာ အမှားအယွင်းကြောင့် လွှတ်တင်မှု မအောင်မြင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က သြဂုတ် ၂၄ ရက်မှာ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မေလတုန်းက ဒုံးပျံသစ် Chollima-1 ဟာ ပင်လယ်ထဲကို ပျက်ကျသွားပြီး သူ့ရဲ့ ပထမဆုံး စမ်းသပ်မှုလည်း ကျရှုံးသွားခဲ့ပါတယ်။
နျူးကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဟာ သူ့ရဲ့ ပထမဆုံး သူလျှိုဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းပေါ်ကို ထားရှိဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နောက်ဆုံးမှာ ဂြိုဟ်တုတပ်ဖွဲ့ အုပ်စုတစုကို အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို စောင့်ကြည့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ ဆိုဟဲ ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ ပစ်လွှတ်လိုက်မှုကို ခြေရာခံခဲ့ပြီး ပစ်လွှတ်မှု မအောင်မြင်ကြောင်းလည်း ကောက်ချက်ချခဲ့ပါတယ်။
Source - Reuters