ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကျင်းပနေတဲ့ ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ ၃၂ သင်းအဆင့် ပွဲစဉ်အဖြစ် သြဂုတ် ၂၃ ရက်က မြန်မာကြက်တောင်မယ် သက်ထားသူဇာနဲ့ ကနေဒါကြက်တောင်မယ် မီချယ်လီတို့ ယှဥ်ပြိုင်ကစားခဲ့ရာမှာ ပွဲစပြီး မကြာမီမှာပဲ ကနေဒါကြက်တောင်မယ် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာအခြေအနေ ပြင်းထန်တာကြောင့် ဆက်လက်မကစားနိုင်တော့ဘဲ နုတ်ထွက်ခဲ့တာကြောင့် သက်ထားသူဇာဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
သက်ထားသူဇာက “ဒီနေ့ပွဲစဥ်အတွင်း ပြိုင်ဘက်က ဒဏ်ရာရနေလို့ ပွဲဆက်မကစားနိုင်ခဲ့ဘူး။ ဒီနေ့နိုင်သွားပေမဲ့ ဒီလိုဖြစ်ရတာ ရင်နာစရာပဲ။ သူမ အမြန်ဆုံးနေကောင်းလာပြီး ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်” လို့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၆၁ ရှိတဲ့ သက်ထားသူဇာဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့အဆင့် ၆ ရှိတဲ့ ကမ္ဘာ့ကြက်တောင်ချန်ပီယံဟောင်း စပိန်နိုင်ငံသူ ကာရိုလီနာမာရင်နဲ့ သြဂုတ် ၂၄ ရက်မှာ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲဟာ သက်ထားသူဇာအတွက် ၁၂ ခုမြောက် ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး မောရစ်ရှအိုးပင်း ကြက်တောင်ပြိုင်ပွဲမှာ တတိယ ရရှိခဲ့ပါတယ်။
၂၀၂၃ ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲကို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပတာဖြစ်ပြီး အဆင့်တိုင်းမှာ ဆုကြေးငွေရရှိမှာဖြစ်ကာ ပထမရွှေတံဆိပ်ဆုကို ဒေါ်လာ ၁၃,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။
၂၈ ကြိမ်မြောက် ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၅၄ နိုင်ငံက ကစားသမားပေါင်း ၃၆၇ ဦး ဝင်ပြိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံက သက်ထားသူဇာတဦးသာ ဝင်ရောက်ယှဥ်ပြိုင်နေပါတယ်။