ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၀ ဦးကို လမ်းပြ ၃ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ည ၇ နာရီလောက်က ထိုင်းစစ်တပ် အမှတ် ၂၅၂၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ရနောင်းခရိုင် ဆုခ်ဆမ်ရန်းမြို့နယ်တွင်း နယ်စပ်တလျှောက် လုံခြုံရေးယူနေစဉ် နားခါးအုပ်စု ရပ်ကွက် ၃ လမ်းအပိုင်းမှာ ဝင်ရောက်လာတဲ့ Yaris အိမ်စီးကား ၁ စီးကို မသင်္ကာလို့ တားဆီးစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
ကားရှေ့ခန်းမှာ ထိုင်းနိုင်ငံသား ယာဉ်မောင်းနဲ့ အဖော်ဖြစ်သူတို့ လိုက်ပါလာပြီး နောက်ခန်းကို စစ်ဆေးရာမှာတော့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ကျား ၄ ဦး၊ မ ၁ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ထိုင်းကားမောင်းသမား ဝန်ခံချက်အရ အဆိုပါ မြန်မာလုပ်သားတွေကို စူရတ်ဌာနီခရိုင်ကို ပို့ဆောင်ပေးဖို့ လူ ၁ ဦးက ဆက်သွယ်လာကြောင်း၊ ပို့ဆောင်ခ ၁ ဦးကို ဘတ် ၁,၅၀၀ စီရပြီး သူတို့အသုတ်ထဲမှာ နောက်ထပ်ကား ၁ စီးလည်း ရှိသေးတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးချက်ရထားတဲ့ အစိမ်းရောင် မီဆူဘီရှီဟိုင်းလပ်စ်ကား ၁ စီးကို လိုက်လံရှာဖွေရာမှာ အဆိုပါရပ်ကွက်ထဲမှာတင် တွေ့ရှိခဲ့ပြီး ယာဉ်မောင်း ၁ ဦးနဲ့ နောက်ခန်းမှာ တင်လာတဲ့ တရားမဝင် မြန်မာအမျိုးသား ၅ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့အတွက် ဆုခ်ဆမ်လန်းနယ်မြေ ရဲစခန်းကို ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။