ပီအက်စ်ဂျီအသင်းဟာ အသင်းခေါင်းဆောင်သစ်ခန့်အပ်ဖို့ ကစားသမားတွေကို မဲပေး ရွေးချယ်စေခဲ့ရာမှာ တိုက်စစ်မှူးအမ်ဘာပေက စတုတ္ထနေရာပဲ ရရှိခဲ့ပါတယ်။
အမ်ဘာပေဟာ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို ပယ်ချထားသူဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲစဉ်တွေ ကစားစဉ်ကလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူပါ။
ပီအက်စ်ဂျီကစားသမားတွေဟာ အသင်းခေါင်းဆောင်သစ် ခန့်အပ်ဖို့ မဲပေးခဲ့ကြပြီး နောက်ခံလူ မာကွင်ညိုကပဲ အသင်းခေါင်းဆောင်အဖြစ် ပြန်လည်တာဝန်ပေးအပ်ခြင်းခံ ခဲ့ရပါတယ်။
မာကွင်ညို ပွဲထွက်နိုင်ခြင်းမရှိခဲ့တဲ့ လီဂူးဝမ်းအဖွင့်ပွဲစဉ်မှာ ကွင်းလယ်ခံစစ်ကစားသမား ဒန်နီလိုပါရေယာက အသင်းခေါင်းဆောင် တာဝန်ယူခဲ့ပါတယ်။
တတိယအသင်းခေါင်းဆောင်အဖြစ် နောက်ခံလူ ကင်ပန်ဘီက ရွေးချယ်ခံခဲ့ရတာပါ။ အမ်ဘာပေဟာ မနှစ်ကရာသီ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းခေါင်းဆောင် တာဝန်ယူခဲ့ဖူးပေမဲ့ အခုနှစ်ရာသီမှာတော့ စတုတ္ထနေရာအထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။