အင်ဒိုနီးရှားနိုင်ငံမှာ အယ်လ်နီညိုရာသီဥတုပုံစံကြောင့် ဆန်စပါးထွက်ရှိမှုနည်းပါးလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိုးရစားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog ဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကနေ ဆန်တင်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ ကမ္ဘောဒီးယား မီဒီယာတခုဖြစ်တဲ့ Khamar Times မှာ သြဂုတ် ၂၂ ရက်က ဖော်ပြပါတယ်။
Bulog ကုမ္ပဏီဟာ အခုနှစ်အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့မှ ဆန်တန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းခဲ့သလို အင်ဒိုနီးရှားနိုင်ငံမှာလည်း ဆန်တန်ချိန် ၇၈၀,၀၀၀ ကျော် ဝယ်ယူထားပေမဲ့ လုံလောက်တဲ့အခြေအနေမှာ မရှိတာကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားကနေ ဆန်တင်သွင်းဖို့ ကြိုးစားနေတာပါ။
ခြောက်သွေ့တဲ့ရာသီဥတုတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ ကျွန်းစုတချို့မှာ မိုးခေါင်ရေရှားမှုတွေ ဖြစ်ပြီး စိုက်ပျိုးမှုမအောင်မြင်တဲ့ အခြေအနေတွေကြောင့် ၂၀၂၂ ခုနှစ်က ဆန်တန်ချိန် ၃ သိန်း တင်သွင်းခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာ ဆန်တန်ချိန် ၂ သန်း တင်သွင်းသွားမှာဖြစ်ပြီး ဆန်တန်ချိန် ပိုပြီး ပြည်ပမှတင်သွင်းသွားတဲ့ ရည်ရွယ်ချက်ဟာ ပြည်တွင်းစားသုံးမှု လိုအပ်ချက် ပြည့်မီစေရေးနဲ့ စျေးနှုန်းတည်ငြိမ်စေဖို့ ဖြစ်ပါတယ်။
Bulog ဟာ မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ဆန်တင်သွင်းတဲ့စာချုပ်တွေကို အပြီးသတ် မချုပ်ဆိုထားရသေးပေမဲ့ Bulog ကုမ္ပဏီရဲ့ အတွင်းဝန် အစ်ဘယ်က မကြာမီ ချုပ်ဆိုသွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့တဲ့ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ပိတ်လိုက်တာကြောင့် ကမ္ဘာ့ဆန်စျေး မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံတွေမှာလည်း ဆန်စျေး သိသိသာသာ တက်လာပါတယ်။
အင်ဒိုနီးရှားနိုင်ငံရှိ အလယ်အလတ်တန်းစား ဆန်ဈေးနှုန်းတွေဟာ ဩဂုတ် ၂၂ ရက်မှာ တကီလို ၁၃,၆ဝဝ ရူပီယာရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၄ ဒသမ ၇၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဆန်အထွက်နှုန်း ကျဆင်းတာနဲ့ ဈေးနှုန်းမြင့်တက်လာတာတို့ကို ကြုံတွေ့နေရပေမဲ့ ပြည်ပနိုင်ငံတွေကို ဆန်တင်ပို့မှု ရှိနေတာဟာ ဈေးကွက်တည်ငြိမ်စေရေးနဲ့ ပြည်တွင်းဆန် လုံလောက်စွာ စားသုံးနေမှုကို ထိခိုက်နေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဆန်ထောက်ပံ့မှု ဒိုင်နမစ်ကို ကမ္ဘာက အနီးကပ်စောင့်ကြည့်နေချိန်မှာ အင်ဒိုနီးရှားရဲ့ မဟာဗျူဟာကျ လုပ်ဆောင်ချက်တွေဟာ စားနပ်ရိက္ခာဖူလုံမှု၊ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လျော့ပါးစေဖို့ တက်ကြွတဲ့ အစီအမံတွေ ပြုလုပ်နေတာကို မီးမောင်းထိုးပြနေပါတယ်။
Source - Khamar Times