ရန်ကုန်၊ သာကေတမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ရွှေအုတ်ဂူ ၃ လမ်းမှာ နေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသားတယောက်ကို သြဂုတ် ၂၂ ရက် ည ၇ နာရီက စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီက ရွှေအုတ်ဂူ ၃ လမ်းမှာ နေထိုင်တဲ့ ဦးမျိုးနိုင်ကို စစ်ကောင်စီတပ်၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
“အမျိုးသားရေးသမားတွေ သတင်းပေးလို့ လာဖမ်းတာ။ သူက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာရှိတယ်။ အာ့ကြောင့် သတင်းပေးပြီး ဖမ်းခိုင်းတာ။”
ဖမ်းဆီးခံရသူ ဦးမျိုးနိုင်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး လွတ်မြောက်နယ်မြေမှာ သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဖြစ်စဥ်ကိုသိသူတဦးက အခုလိုရှင်းပြပါတယ်။
“သာကေတက ကြံ့ဖွတ်တွေ၊ တပ်ထောက်ခံသူတွေ၊ မဘသတွေက မနေ့က သူသေနတ်ကိုင်ပြီး ရိုက်ထားတဲ့ပုံမြင်တော့ အကုန်လန့်သွားတယ်။ သူက ပြန်ဖျက်လိုက်ပေမဲ့ သတင်းပေးတွေ ရအောင် စခရင်ရှော့ထားပြီး စစ်တပ်ကို ဖမ်းခိုင်းတာ။”
လတ်တလောမှာ ဦးမျိုးနိုင်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
သာကေတမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၊ ရဲ၊ ထွေအုပ်၊ ကြံ့ခိုင်ရေးပါတီ၊ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ သတင်းပေးဒလန်တွေဟာ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။