အကြမ်းဖက်သတ်ဖြတ်တာတွေ လုပ်နေတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံမှုကတဆင့် နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ပေါ်လာနိုင်လားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သူက အခုလို ပြောဆိုလိုက်တာပါ။
စစ်ကောင်စီအနေနဲ့ အာဏာမသိမ်းခင်မှာ အရင်အစိုးရ တာဝန်ရှိသူတွေကို မဲစာရင်းတွေ ပြန်လည်စစ်ဆေးပေးဖို့နဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေး၊ မဲစာရင်းနဲ့ပတ်သက်ပြီး လွှတ်တော်လမ်းကြောင်းက အထူးအစည်းအဝေးခေါ်ယူပြီး ဆောင်ရွက်ရေးနဲ့ စီမံအုပ်ချုပ်နေသူအချင်းချင်း အပြန်အလှန် စာပေးခဲ့တာ စတာတွေကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းက လုပ်ခဲ့ပေမဲ့ မအောင်ခဲ့ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက သွားတာဖြစ်ပါတယ်။ နောက်ဆုံး ဖေဖော်ဝါရီလ ၁ ရက်နေ့ပြီးတော့ ဖေဖော်ဝါရီလ ၂ ရက်၊ ၃ ရက်၊ ၄ ရက်နေ့တွေပေါ့။ ဒီမှာ နေပြည်တော် စည်ပင်ရိပ်သာမှာ လွှတ်တော်အမတ်တွေရှိပါတယ်။ မဲမသမာမှုတွေမှာ သူတို့ကိုယ်တိုင် ပါဝင်ခဲ့တယ် ဆိုတာလည်း သိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အရေးယူလို့ရပါတယ်။ သို့သော် ဒီအဖွဲ့တွေကို တရားဥပဒေလမ်းကြောင်းကပဲ ရင်ဆိုင်ပါ၊ ဆောင်ရွက်ပါဆိုလို့ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးသွားတဲ့သူတွေရှိပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကိုသွားဖို့ လှုံ့ဆော်တဲ့သူတွေ ရှိပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားစရာမရှိဘူးလို့လည်း ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားနိုင်ဖို့အတွက် အကြမ်းဖက်လို့ ကြေညာခံထားရတဲ့ သူတွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ပါဘူးဆိုပြီး ဝန်ခံချက်လိုပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ်ဆိုတဲ့ ကမ္ဘာသိ ကြေညာချက်လိုပါတယ်။ ဘယ်နိုင်ငံမှ အကြမ်းဖက်လုပ်ရပ်တွေကို မစွန့်လွှတ်မချင်း၊ လက်နက်ကိုင်ပြီး ပြည်သူလူထုကို သတ်ဖြတ်နေတဲ့သူတွေကို ဦးဆောင်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို လျှောက်လှမ်းစရာအကြောင်း မရှိပါဘူး။”
စစ်ကောင်စီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ EAOs အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ၊ နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနေတာတွေ၊ ရှေ့ဆက်သွားမယ့် ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။