စစ်တပ်အာဏာသိမ်းပြီးနောက် KNU၊ CNF နဲ့ ABSDF လက်နက်ကိုင်အဖွဲ့သုံးဖွဲ့က အန်စီအေ လမ်းကြောင်းကိုသွေဖယ်ပြီး စစ်တပ်ကို ပြန်တိုက်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဩဂုတ် ၂၂ ရက် ဒီနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက်သတင်း စာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “နိုင်ငံရေးဖြစ်စဥ် အပြောင်းအလဲမှာ စစ်တပ်က ဘာလုပ်နေတယ်ဆိုတာ မသိဘဲနဲ့ အန်စီအေလမ်းကြောင်းကို သွေဖည်ပြီး စစ်တပ်ကို တိုက်နေတဲ့အဖွဲ့ဆို ၃ ဖွဲ့ပဲရှိတယ်။ ပြောရရင် KNU ၊ CNF နဲ့ ABSDF ပေါ့။ ဒါပေမဲ့ ကျနော်တို့ အနေနဲ့ အမြဲတံခါးဖွင့်ထားတယ် ဆွေးနွေးရေးလမ်းစဥ်ကို”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အရပ်သားသစ်အစိုးရလက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ ရှိခဲ့ပြီး KNU/KNLA-PC၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP နဲ့ RCSS အဖွဲ့ ၇ ဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်လုပ်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ကတော့ စစ်တပ်ကို တိုက်နေတယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။
အန်စီအေစာချုပ်ဟာ စစ်တပ်အာဏာစသိမ်းကတည်းက ပျက်သွားပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောကြားထားပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကတော့ အန်စီအေလမ်းကြောင်းကို ဆက်လက် ကိုင်စွဲသွားမယ်လို့ ကြေညာထားပါတယ်။