ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ပွဲကို ထိုင်းအမျိုးသား လွှတ်တော်မှာ ဩဂုတ် ၂၂ ရက် ဒီကနေ့ညနေပိုင်းကျင်းပရာမှာ ဖွေ့ထိုင်းပါတီဘက်က တင်သွင်းတဲ့ ဝန်ကြီးချုပ်လောင်း ခွန်ဆေထာ ထဝီးဆင်က ပြိုင်ဘက်မရှိ ရွေးကောက်ခံရပါတယ်။
ဖွေ့ထိုင်းပါတီဟာ အရင်အာဏာဟောင်းပါတီတွေ အပါအဝင် စုစုပေါင်း ၁၁ ပါတီနဲ့ ပူးပေါင်းလိုက်တာကြောင့်အောက်လွှတ်တော်အမတ်တွေထံက ထောက်ခံမဲ ၃၁၄ မဲ ရထားပြီးသား ဖြစ်ပါတယ်။
လွှတ်တော်ဥပဒေအရ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်ပေါင်း အနည်းဆုံး ၃၇၆ မဲ ရရှိရမှာဖြစ်တာကြောင့် အထက်လွှတ်တော်အမတ်တွေထံက အနည်းဆုံး ထောက်ခံမဲ ၆၂ မဲ လိုအပ်တာဖြစ်ပါတယ်။
ဒီနေ့ညနေ ၄ နာရီခွဲလောက်အထိ အထက်လွှတ်တော်အမတ် ၉၇ မဲ ရရှိနေတာကြောင့် လိုအပ်တဲ့မဲထက်သာလွန်ပိုနေတာမို့ ခွန်ဆေထာ ထဝီးဆင် ဝန်ကြီးချုပ် အရွေးခံရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
အသက် ၆၁ နှစ်ရွယ်ရှိ ခွန်ဆေထာ ထဝီးဆင်မှာ စီးပွါးရေးလုပ်ငန်းရှင်၊ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး သူ့ကုမ္ပဏီဟာ မြေကွက် ရောင်းဝယ်မှုကနေ ဘတ်ငွေ သန်းပေါင်း ၅၅၀ ကျော် အခွန်ရှောင်တယ်လို့ စွပ်စွဲခံထားရတဲ့ အမှုတွေလည်း ရှိနေပါတယ် ။
သူဟာ ဒီကနေ့မှာ ဝန်ကြီးချုပ်အဖြစ် အရွေးချယ်ခံရပေမဲ့ မြေယာရောင်းဝယ်ရေး အမှုအခင်းမှာ အပြစ်ရှိတယ်လို့ အပြစ်ပေးခံရပါက ဝန်ကြီးချုပ်အဖြစ်မှ ပြန်ဖြုတ်ချခံရနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ သုံးသပ်ဖော်ပြပါတယ်။
PHOTO- Pheu Thai Party