ဗြိတိန်ရဲ့ ကွင်းဆက်လူသတ်သမား သူနာပြု လူစီလက်ဘီဟာ မွေးကင်းစ ကလေးငယ် ၇ ဦးကို သတ်ပြီး နောက်ထပ် ၆ ဦးကို သတ်ဖို့ကြိုးစားမှုအတွက် သူ့ရဲ့လက်ကျန်ဘဝတလျှောက်လုံး အကျဉ်းထောင်ထဲမှာ ကုန်ဆုံးရမယ်လို့ မန်ချက်စတာတရားရုံးက သြဂုတ် ၂၁ ရက်မှာ အမိန့်ချခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် လက်ဘီဟာ ၁၃ လကျော်ကြာ ကာလအတွင်း အင်္ဂလန်မြောက်ပိုင်းက ကောင့်တက်စ်အော့ဖ်ချက်စတာ ဆေးရုံမှာ မွေးကင်းစကလေးငယ်ငါးဦး၊ မိန်းကလေးငယ်နှစ်ဦးကို အင်ဆူလင်နဲ့ လေထိုးသွင်းတာ၊ နို့တိုက်ကျွေးတာ စတဲ့နည်းလမ်းတွေနဲ့ သတ်ဖြတ်ခဲ့တာပါ။
အသတ်ခံရတဲ့ ကလေးတချို့က အမြွှာတွေဖြစ်ပါတယ်။ ဖြစ်ရပ်တခုမှာ မောင်နှမနှစ်ဦးလုံးကို သတ်ပစ်ခဲ့ပြီး နောက်တကြိမ်မှာ ညီအစ်မသုံးဦးထဲက နှစ်ဦးကို သတ်ခဲ့တာပါ။ နောက်ဖြစ်ရပ်နှစ်ခုမှာ အမြွှာတဦးကို သတ်ပစ်ခဲ့ပေမဲ့ တခြားတဦးကို သတ်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး။
ဗြိတိန်မှာ တသက်လုံး ထောင်ဒဏ်ခံယူဖို့ အမိန့်ပေးခံရတာ အလွန်ရှားပါတယ်။ ကွင်းဆက် လူသတ်သမားတွေဖြစ်တဲ့ မီယာဟင်ဒလေ၊ ရို့စ်မေရီ ဝက်စ်တို့ အပါအဝင် ဗြိတိန်က အမျိုးသမီးသုံးဦးသာ ဒီလို စီရင်ချက်ချခံရဖူးပါတယ်။
လက်ဘီဟာ သူ့ကို စီရင်ချက်ချတာကို ကြားနာနိုင်ရေး အချုပ်ခန်းထဲကနေထွက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ သူတို့ ကျူးလွန်တာ ခံရသူ ဒါမှမဟုတ် သူတို့မိသားစုအပေါ် သူတို့လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို ကြားနာဖို့ အတင်းအကျပ် ဖိအားပေးခံရလေ့ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Source - Reuters