Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်၌  ကျောင်းအုပ်ဆရာမ ၁ ဦးနှင့် အမျိုးသား ၁ ဦး အသတ်ခံရ၊ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
DVB
·
August 22, 2023
369177251_133432983160551_768710677118611977_n

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စုမှာ ကျောင်းအုပ် ဆရာမ တယောက်နဲ့ အမျိုးသား တယောက်တို့ နေအိမ်တွေမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၀ ရက် ည ၈ နာရီဝန်းကျင်လောက်က အရှေ့မော်တုန်းအုပ်စုက ထုံနွယ်ရွာမှာ ကျောင်းအုပ်ဆရာမ  မသိန်းရီကို  သူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်။

ဒေသခံ တဦးက "အိမ်အောက်ခေါ်ချပြီး ရှင်းလိုက်တာတဲ့။ ဆရာမက ခေါင်းမှာ တချက်နဲ့ ခြေမှာ တချက်ပစ်ထားတာတဲ့”လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ဆရာမဟာ စစ်ကောင်စီလက်ထက် ကျောင်းအုပ်ဆရာမ မရှိတာကြောင့်  ကျောင်းအုပ်နေရာကို အစားထိုးတာဝန်ယူထမ်းဆောင်တာဖြစ်တယ်လို့ဒေသခံတချို့က ဆိုပါတယ်။

အဲဒီနေ့ညမှာပဲ အနောက်မော်တုန်းရွာသား ကိုအောင်ဝင်းကိုလည်း သူ့နေအိမ်မှာပဲ အမည်မသိအဖွဲ့ တဖွဲ့က နေအိမ်မှာ လာရောက် သတ်ဖြတ်လိုက်တယ်လို့ လည်း သိရပါတယ်။

အဆိုပါ  ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့  ဘယ်အဖွဲ့က ဘာကြောင့် သတ်ဖြတ်သွားတယ်ဆိုတာကို ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး နဲ့ ၂ ရက်ဆက်တိုက် ပစ်ခတ်နေတယ်လို့‌လည်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့မော်တုန်းအခြေစိုက်အမြောက်တပ်ကနေ သြဂုတ် ၂၀ ရက် ည ၉ နာရီအချိန်လောက် က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့သလို သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်ကနေ ည ၇ နာရီ ကျော်တဲ့အထိ ဆက်တိုက်ပစ်ခတ် နေတယ်လို့ ဆိုပါတယ်။

မော်တုန်းရွာသား တဦးက"မနေ့ညက ပစ်တာ အရှေ့မော်တုန်းဘက်ကို ကျတာ။ ညနေ့က ပစ်တာ မော်တုန်းအုပ်စုထဲက အန်းဒါပြင်ရွာထဲ ကျတာ။ အခုက ပစ်နေတုန်းပဲ။ ထိခိုက်တာမျိုးတော့ မကြား မိသေးဘူး "လို့ ပြောပါတယ်။

စစ်ကောင်စီက မကြာခဏ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်နေပြီး ဒေသခံတွေမှာ  လက်နက်ကြီး ထိမှန်တာရှိတယ်လို့ဆိုပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024