မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ နမ်ဖိုရှိ ရေလွှမ်းမိုးမှုဒဏ် ခံရတဲ့ ဒေသတွေကို သွားရောက်ခဲ့ပြီး ကြိုတင်ပြင်ဆင်မှုအားနည်းတာနဲ့ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် တုံ့ပြန်မှု ညံ့ဖျင်းတာတွေအပေါ် ထိပ်တန်းတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က သြဂုတ် ၂၂ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
KRT က ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ ခေါင်းဆောင် ကင်မ်နဲ့ တာဝန်ရှိသူတွေဟာ သြဂုတ် ၂၁ ရက်မှာ ပြိုကျနေတဲ့ တာတမံတခုနဲ့ ရေလွှမ်းနေတဲ့ လယ်ကွင်းတွေတဝိုက်ကို ကြည့်ရှုနေကြောင်း ပြသထားပါတယ်။
ဒီရေကျရင် ရေမြုပ်တတ်တဲ့ အန်ဆုတ်ခ်မြေနေရာမှာ ရေနုတ်မြောင်းတည်ဆောက်မှု ပျက်ကွက်ခဲ့လို့ ပင်လယ်ရေကြောင့် တာတမံတခု ပြိုကျခဲ့ပြီးနောက် စပါးခင်း ဟက်တာ ၂၇၀ ကျော် အပါအဝင် ဒီရေမြေ ဟက်တာ ၅၆၀ ကျော် ရေနစ်မြုပ်သွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားဝန်ကြီးချုပ် ကင်မ်တော့ခ်ဟွန်ရဲ့ အစိုးရအဖွဲ့ကို အပြစ်တင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုဟာ သဘာဝဘေးဒဏ်ကြောင့် မဟုတ်ဘဲ တာဝန်မဲ့မှုနဲ့ စည်းကမ်းမဲ့မှုကြောင့် ဖြစ်ရတဲ့ လူလုပ်ဒုက္ခကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ KCNA က ထုတ်ပြန်ပါတယ်။
Source - Reuters