Home
နိုင်ငံတကာ
ပြည်ပတွင် တိမ်းရှောင်နေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်ရောက်
DVB
·
August 22, 2023
Thaksin_The Standard FB_22082023

ထိုင်းအာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ ပြည်ပမှာ ၁၇ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဒီကနေ့   ဩဂုတ် ၂၂ ရက် မနက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်ရောက်လာပါတယ်။

သက်ဆင်ဟာ စင်ကာပူနိုင်ငံကနေ ကိုယ်ပိုင်လေယာဉ်နဲ့ ဒွန်းမောင်းလေဆိပ်ကို မနက် ၉ နာရီ ဝန်းကျင်မှာ ဆိုက်ရောက်လာပြီး မနက် ၉ နာရီ ၂၅ မိနစ်မှာတော့ ဒွန်းမောင်းလေဆိပ် MJETS သီးသန့်ခန်းမထဲကို ဝင်ရောက်လာကာ ထိုင်းဘုရင်နဲ့ မိဖုရားဓာတ်ပုံရှေ့မှာ ပန်းကုံးဆက်ပြီး ဂါရဝပြု ရှိခိုးခဲ့ပါတယ်။

သူနဲ့အတူ သားသမီး ၃ ဦးဖြစ်တဲ့ ဖဲထောင်းထန်း ရှင်နာဝပ်၊ ဖိမ်းထောင်းထား ရှင်နာဝပ်နဲ့ ဖန်းထောင်းထဲ ရှင်နာဝပ်တို့အပြင် သားမက်၊ ချွေးမနဲ့ မြေးလေးတွေပါ လိုက်ပါလာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဝင်ရောက်လာချိန်မှာ အဆိုပါသီးသန့်ခန်းရှေ့မှာ လာရောက် ကြိုဆိုနေကြသူတွေက ဝမ်းသာအားရ အော်ဟစ်ကြိုဆိုကြပြီး ဝန်ကြီးချုပ်ဟောင်းကလည်း လက်ဆွဲနှုတ်ဆက်၊ လက်ပြနှုတ်ဆက်ရုံကလွဲလို့ ဘာမှပြောဆိုခြင်းမရှိဘဲ တာဝန်ရှိသူတွေနောက် လိုက်ပါသွားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို လူဝင်မှုကြီးကြပ်ရေးဌာနက အထောက်အထားတွေ စစ်ဆေးပြီး နခွန်းဘန်းရဲစခန်းအမှတ် ၂ ကို သတင်းပို့ဖို့ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နခွန်းဘန်းရဲစခန်းမှာ တရားခံစစ်မှန်ကြောင်း စစ်ဆေးပြီး ဗဟိုတရားရုံးမှာ နိုင်ငံရေးဆိုင်ရာ ပြစ်မှုတွေနဲ့ အမှုကြားနာမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဘန်ကောက်အထူးအကျဉ်းထောင်ကို ပို့ဆောင်ဖို့ဖြစ်တယ်၊ ပို့ဆောင်ရာ လမ်းကြောင်းတလျှောက်မှာ ရဲတပ်ဖွဲ့လုံခြုံရေးတွေ အပြည့်ချထားတယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖွေ့ထိုင်းပါတီ အားပေးသူတွေဟာ မနေ့ကတည်းက ကြိုတင်ခရီးထွက်ခွာလာပြီး လေဆိပ်မှာ ဝန်ကြီးချုပ်ဟောင်းကို လာရောက် စောင့်ကြိုကြပါတယ်။ ကြိုဆိုသူပေါင်း သောင်းနဲ့ချီရှိမယ်လို့ ယူဆပြီး လူအနည်းငယ်လောက်ကသာ ဝန်ကြီးချုပ်ဟောင်းကို တွေ့လိုက်ရပါတယ်။

ချင်းမိုင်ကနေ သွားရောက်ကြိုဆိုသူ အမျိုးသမီးတယောက်က သူတို့ဟာ ဘတ်စ်ကား အစီး ၃၀ နဲ့ မနေ့ကတည်းက ထွက်ခွာလာပြီး လေဆိပ်ကို မနက် ၆ နာရီရောက်ရှိကြောင်း၊ ဝန်ကြီးချုပ်ဟောင်းကို မတွေ့ရပေမဲ့ တိုင်းပြည်ကိုပြန်ရောက်လာလို့ ဝမ်းသာကြောင်း ပြောပါတယ်။

တီရှပ်အနီ ဆင်တူဝတ်ထားတဲ့ လူအုပ်ကြီးဟာ ဖွေ့ထိုင်းပါတီအလံတွေ ကိုင်ဆောင်ဝှေ့ယမ်းကာ ဝန်ကြီးချုပ်သက်ဆင် ကျန်းမာပါစေ၊ ဝန်ကြီးချုပ်သက်ဆင် ပြန်လာပြီ စသဖြင့် ဝမ်းသာအားရ အော်ဟစ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ပြန်လာတဲ့အချိန် တပြိုင်နက်တည်းမှာပဲ ထိုင်းလွှတ်တော် အစည်းအဝေးကို ကျင်းပနေပြီး ဖွေ့ထိုင်းပါတီရဲ့ အတိုင်ပင်ခံ ခွန်ဆေထာ ထဝီးဆင်ကို ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ဖို့ ရှိနေပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ပြည်တော်ပြန်ခရီးမှာ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ မြေးဖြစ်သူတွေနဲ့ အတူနေရဖို့ ပြန်လာတာဖြစ်တယ်လို့ သမီးဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။

သက်ဆင်ရှင်နာဝပ်ဟာ သူဝန်ကြီးချုပ်ဖြစ်စဉ်က အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ် ဝယ်ယူမှု၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှု၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄,၀၀၀ ချေးငှားမှု၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာ ပါဝင်မှုတွေနဲ့ စစ်အစိုးရရဲ့ ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံထားရပါတယ်။ အဲဒီထဲက မြေကွက်အမှုမှာ သက်တမ်းကုန်သွားပြီဖြစ်ပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေပါတယ်။

နန်းမြနဒီ

Photo - The Standard

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024