Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်၌  လူငယ်များ  မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာ 
DVB
·
August 22, 2023
369719244_312676901229217_5564311226080571649_n

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်မပြည့်သေးတဲ့  ၁၈ နှစ်အောက် လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လူငယ်တွေဟာ ဆေးခြောက်၊ WY စိတ်ကြွဆေးပြားနဲ့  No.4 ဘိန်းဖြူ သုံးစွဲမှု ပိုမိုများပြားလာတာ ဖြစ်ပြီး  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုးညှင်းမြို့ခံ အမျိုးသားတစ်ဦးက "  မိုးညှင်းမှာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အတော်များများရတယ်။ Wy စိတ်ကြွဆေး ဆေးခြောက် No.4 အကုန် ရတယ်။ အာဏာမသိမ်းခင်က မူးယစ်ဆေးသုံးတဲ့သူ ဒီလောက်မများဘူး။ ခုအခြေအနေက အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးတွေပါ ဝိ (ဆေးခြောက်)လေး တဖွာဖွာနဲ့ တွေ့နေရတယ်။ ဖမ်းတာဆီးတာလည်းမရှိပါဘူး" လို့ ပြောပါတယ်။

ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းဖြူ  စတာတွေကိုရောင်းချနေသူတွေကလည်း စစ်ကောင်စီ လက်အောက်ခံလက်နက်ကိုင် အဖွဲ့တွေကို လိုင်းကြေးပေးဆောင်ပြီး ရောင်းချနေကြတာလို့ သိရပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက "သုံးစွဲသူ ရောင်းချသူတွေကို ဘယ်ဖမ်းမလဲ။ ဖမ်းရမယ့် သူတွေက ရောင်းသူတွေဆီကနေ လိုင်းကြေးရနေတာ။ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက တရားမဝင်လိုင်းကြေးရနေတော့ ဒီကောင်တွေကလည်း မဖမ်းဘူး။ ရဲစခန်းနားမှာတင် အဖမ်းအဆီးမရှိကို ရောင်းနေတာ" လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင် ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အသိပညာပေးတာတွေ၊ တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့  လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024