ဗီယက်နမ်နိုင်ငံဆီ အလည်အပတ်ရောက်လာတဲ့ ကာဇက်စတန်သမ္မတ ကက်ဆမ်ဂျိုမက် တိုကာယက်ဗ်ကို ဗီယက်နမ်သမ္မတ ဗို့ဗန်ထွန်က သြဂုတ် ၂၁ ရက်မှာ တရားဝင် ကြိုဆိုခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးသဖြင့် ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှု မြှင့်တင်ဖို့ မျှော်လင့် တွေ့ဆုံခဲ့တာပါ။
တိုကာယက်ဗ်ရဲ့ သုံးရက်ကြာခရီးစဉ်ဟာ ၁၂ နှစ်အတွင်း ကာဇက်စတန်သမ္မတတစ်ဦး ဗီယက်နမ်နိုင်ငံဆီကို ပထမဆုံးလာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဗီယက်နမ်ဟာ ကာဇက်စတန်၊ ရုရှား၊ အာမေးနီးယား၊ ဘဲလာရုစ်နဲ့ ကာဂျစ္စတန်တို့ ပါဝင်တဲ့ ယူရေးရှား စီးပွားရေးသမဂ္ဂနဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ ၂၀၁၆ ခုနှစ်မှာ အသက်ဝင်ခဲ့တာပါ။ နှစ်နိုင်ငံကုန်သွယ်မှုက အားနည်းနေဆဲဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံခွဲအထိ မြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ထွန်နဲ့ တိုကာယက်ဗ်တို့ဟာ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Source-Reuters