မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး မင်းဘူး-အမ်း လမ်းမကြီးက ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်တဲ့နေရာကို စောင့်ကြပ်တဲ့ ကင်းစခန်းကို CDF-Asho က တိုက်ခိုက်ခဲ့ပါတယ်။
ဩဂုတ် ၂၀ ရက် မနက် ၅ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီစခန်း အရာရှိ အရာခံဗိုလ် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ တခြားအရာရှိ ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ငဖဲမြို့နယ်ထဲက ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်တဲ့ နေရာဟာ တရုတ်ပြည်ကို ဓာတ်ငွေ့အဓိကပေးပို့နေပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
“ဒီနေရာက စစ်ကောင်စီအတွက် အရမ်းအရေးပါတဲ့နေရာ ဖြစ်တယ်။ ကျနော်တို့ တိုက်ခိုက်မှုပြီးကတည်းက စစ်ကောင်စီက မြေလတ်ကျေးရွာထဲကို ဝင်ရောက်စစ်ဆေးပြီး ရွာသားတွေရဲ့ ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ သိရပါတယ်” လို့ CDF - အရှို ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းကင်းစခန်း တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီဟာ ငဖဲမြို့နယ် မြေလတ်ကျေးရွာက ရွာခံပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။