Home
မြန်မာသတင်း
ရိုဟင်ဂျာများ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ခြေမရှိသေးဟု HRW ပြော
DVB
·
August 21, 2023
coxs_bazaar_kutupalong_camp_rohingya

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က စပြီး ရက်ရက်စက်စက်နှိပ်ကွပ်ဖြိုခွင်းခဲ့တာ  ၆ နှစ်ရှိလာပြီဖြစ်ပေမဲ့  ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ ရိုဟင်ဂျာ ၁ သန်းလောက်အတွက် အခုချိန်ထိ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်မယ့် အရိပ်အယောင်မမြင်ရသေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

လူသားထုတရပ်လုံးအပေါ် ကျူးလွန်ရာရောက်တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ဗိုလ်ချုပ်တွေကို အပြစ်ပေး အရေးယူဖို့ကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဆောင်ရွက်နိုင်သေးဘူးလို့  HRW က ပြောပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ ၇၃၀၀၀၀ ကျော်ဟာ လူဦးရေထူထပ်စွာနဲ့ ပြွတ်သိပ်ကြပ်ညပ် ရှုပ်ပွနေတဲ့ ဒုက္ခသည်စခန်းတွေမှာ ဒေသခံအာဏာပိုင်တွေရဲ့ တစ်နေ့တခြား ပိုများလားတဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေအပြင် လက်နက်ကိုင်အဖွဲ့တွေရဲ့ အနိုင်ကျင့် အကြမ်းဖက်မှုတွေကိုပါ ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာကျန်နေသေးတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာလည်း မြန်မာစစ်အာဏာရှင်တွေရဲ့ လူမျိုးရေးခွဲခြား နှိပ်ကွပ်တဲ့ ဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

HRW ရဲ့ အာရှဒေသဆိုင်ရာသုတေသီ ရှေနာဘောက်ချနာက “ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးမှာရှိနေကြတဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့်အပါအဝင် သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ငြင်းပယ်ခံထားရတဲ့အပြင် တရားဥပဒေအဆုံးအဖြတ်နဲ့အတူ အိမ်ပြန်ခွင့်ရမယ့်အရေးကို စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမယ့်အစား ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူမှု မရှိခြင်းနဲ့ အစိုးရအပေါ် ကူညီထောက်ပံ့ရေးစရိတ်တွေကို ဖြတ်တောက်လိုက်ခြင်းတွေကြောင့် ရိုဟင်ဂျာတွေဟာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နှစ်စဉ်ပိုမိုများပြားလာတဲ့ တားမြစ်ပိတ်ဆို့မှုတွေနဲ့ ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ့်နဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးမှာရှိနေကြတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဉ် ပိုပိုပြီး မျှော်လင့်ချက်မဲ့လာကြတယ်လို့ HRW က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေဟာ ခွင့်ပြုချက်မဲ့ ခရီးသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေကို ဖမ်းဆီးထားခဲ့ပါတယ်။

အဲဒီနောက် ခရီးသွားလာခွင့်ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန်ခဲ့သလို ရိုဟင်ဂျာစခန်းတွေနဲ့ ရွာတွေကို အထောက်အကူပစ္စည်းများ ပေးပို့နိုင်ခြင်းမရှိအောင်လည်း ပိတ်ဆို့ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်အာဏာရှင်တွေ ကျူးလွန်တဲ့ ပြစ်မှုတွေဟာ လူမျိုးရေး ခွဲခြားကာ အနိုင်ကျင့်နှိပ်ကွပ်တာ၊ အငြိုးအာဃာတထား ဖိနှိပ်တာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိတ်ဆို့တားဆီးတာ စတဲ့ အချက်တွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ဆိုပါတယ်။

လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ပြင်းထန်တဲ့ မိုခါမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်မှာ ခံစားခဲ့ရတာ သုံးလကြာပြီဖြစ်ပြီး အခုချိန်ထိ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ခံစားနေရတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေအတွက် ဆေးဝါးနဲ့ ကျန်းမာရေးထောက်ကူပစ္စည်းတွေအပါအဝင် အသက်ကယ်ဆယ်ရေး ကူညီထောက်ပံ့မှုတွေအားလုံးကို မြန်မာစစ်အာဏာရှင်တွေက ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ၃၀၀၀၀ လောက်ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သီးခြားကျွန်းတစ်ခုဖြစ်တဲ့ ဘာဆန်ချာကို ပို့လိုက်ကြပါတယ်။ ဘာဆန်ချာကို ရောက်ပြီးတဲ့နောက် ဘယ်ကိုမှ သွားလာခွင့်မရတော့သလို အစားအစာနဲ့ ဆေးဝါးတွေဟာလည်း ဘာဆန်ချာမှာ လောက်ငမှုမရှိပါဘူး။

နေထိုင်ခွင့်အတွက် အသိအမှတ်ပြု အထောက်အထားမရှိတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေရှ့် ဥပဒေအရ တရားဝင်နေခွင့်မရှိတာကြောင့် သူတို့အပေါ် လူ့အခွင့်အရေးချိုးဖောက် အနိုင်ကျင့်ခံရမယ့် အလားအလာတွေ ပြည့်နေပါတယ်။ 

ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက “ကျမတို့ ဒီမှာ အချိန် ၆ နှစ်ကုန်သွားပြီ။ ငါဟာ လူတစ်ယောက်ဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုဒုက္ခတွေကို တစ်သက်လုံး ကြုံတွေ့နေရလဲဆိုတဲ့ အတွေးပေါင်း တစ်သိန်းခြောက်သောင်းက နေ့စဉ်နဲ့အမျှ ကျမခေါင်းထဲက မထွက်တော့ဘူး”လို့ HRW ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အနိုင်ကျင့် အကြမ်းဖက်မှုတွေ ရှိနေပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ရိုဟင်ဂျာတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ရော ရာဇဝတ်မှုကျူးလွန်သူတွေကို အပစ်ပေးဖို့မှာပါ ပျက်ကွက်နေပါတယ်။

ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာလည်း တရားဥပဒေအဆုံးအဖြတ်ရရှိရေး၊ ရဲတွေဆီမှာ တိုင်ချက်ဖွင့်ရေးနဲ့ ဆေးဝါးထောက်ပံ့ကူညီမှုရရှိရေးတွေအတွက် အခက်အခဲမျိုးစုံ ကြုံနေရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ စတင်ကာ ဒေသခံအဖွဲ့အစည်းတွေဦးဆောင်ဖွင့်လှစ်တဲ့ ကျောင်းတွေကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်လိုက်ပါတယ်။  ကာလကြာ ဒုက္ခသည် အခြေအနေ၊ ပညာရေးနဲ့ အလုပ်အကိုင်မရနိုင်တဲ့ အခြေအနေတွေအပြင် လက်ရှိကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေကြောင့် မျှော်လင့်ချက်မဲ့နေရတယ်လို့ ရိုဟင်ဂျာ အဖွဲ့အစည်းခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။ 

“ဒီအခြေအနေကနေ လွတ်မြောက်မယ့်လမ်းကို မမြင်နိုင်အောင်ဖြစ်နေကြတယ်။ ပိုကောင်းတဲ့ ဘဝတွေကို ဖန်တီးချင်ပေမယ့် မတတ်နိုင်ကြဘူး။ ပညာရေးနဲ့ ဝေးတော့ နောက်ထပ်သင်ကြားရမှာတွေကိုလည်း မသိ၊ မတတ်ကြတော့ဘူး။ ကျနော်တို့ အဖွဲ့အစည်းတွေထဲမှာ ပညာမတတ်တဲ့သူတွေ များလာပြီ။”

ဒုက္ခသည်စခန်း အာဏာပိုင်တွေကလည်း ဆိုင်ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင် ရိုဟင်ဂျာတွေကို အနှောင့်အယှက်ပေးတာ၊ ဆိုင်တွေကို ဖျက်ဆီးတာတွေ အခုတလော ပြန်လည်လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။

ဒီလုပ်ရပ်တွေကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စတင်ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

“ပထမတော့ သူတို့က ကျနော်တို့ကို ပတ်ချာလည် ခြံစည်းရိုးခတ် ပိတ်လိုက်တယ်။ အခုတော့ သူတို့က ကျနော်တို့ ဆိုင်လေးတွေကို ပိတ်တယ်၊ ကျနော်တို့ အလုပ်သွားလို့ မရအောင်ပါ ပိတ်ထားတယ်” လို့ ဒုက္ခသည်တစ်ယောက်က ပြောပါတယ်။ 

“သူတို့က စခန်းတွေထဲမှာ ယာဉ်တွေ အသုံးပြုခွင့်ကိုလည်း ပိတ်ထားတယ်။ အဲတော့ဒီထဲမှာ အသက်အရွယ်ကြီးသူတွေ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ သွားလာဖို့ မလွယ်တော့ဘူး။ အခုဆို ကျနော်တို့ရဲ့ ထောက်ပံ့ရေးခွဲတမ်းတွေရဖို့တောင်မှ  ၄-၅ ကီလိုမီတာလောက်ကို လမ်းလျှောက်နေရတယ်။”

ရိုဟင်ဂျာတွေအတွက် ၂၀၂၃ ခုနှစ် ကုလသမဂ္ဂ ညွန့်ပေါင်းကယ်ဆယ်ရေး စီမံကိန်းဟာလည်း သူတို့ တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၈၇၆ သန်းရဲ့ ၃ ပုံ ၁ ပုံကိုပဲ အလှူရှင်တွေဆီက ရရှိခဲ့ကြပါတယ်။

ရန်ပုံငွေရရှိမှု လျော့နည်းတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ စတင်ကာ ရိုဟင်ဂျာတွေကို ထောက်ပံ့မယ့် အစားအသောက်ခွဲတမ်းကို သုံးပုံတစ်ပုံ လျှော့ချခဲ့ပါတယ်။

အကျိုးဆက်အဖြစ် ရိုဟင်ဂျာတွေကြား အာဟာရပြတ်လပ်မှု၊ ရောဂါထူပြောမှုနဲ့ စိတ်ပျက်မှုတွေ ပိုမိုခံစားလာကြရပါတယ်။ ထောက်ပံ့ရေး ခွဲတမ်းလျှော့ချမှုကြောင့် ကျန်းမာရေးနဲ့ လူမှုရေးဆိုးကျိုးတွေ ဖြစ်ပေါ်နေတဲ့အကြောင်းကို ရိုဟင်ဂျာတွေနဲ့ လူမှုကယ်ဆယ်ရေး ဝန်ထမ်းတွေက တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

“ခွဲတမ်းတွေလျှော့ချလိုက်တော့ ကျနော်တို့မှာ စားဖို့တောင် မလောက်တော့ဘူး”လို့ စေတနာ့ဝန်ထမ်းရိုဟင်ဂျာ တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရဲ့ ကလေးငယ်လေးတွေရော ကိုယ်ဝန်ဆောင်တွေရော ဒီအကျိုးဆက်ကို ခံစားကြရတာပေါ့” လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာသာမကဘဲ အခုဒုက္ခသည်စခန်းရောက်တဲ့အထိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကို ခံစားနေရသူတွေအတွက်ကိုလည်း တခြားနိုင်ငံတွေက နေထိုင်ခွင့်နဲ့ ပြန်လည်နေရာချထားရေးကို ဆောင်ရွက်ပေးသင့်တယ်လို့ HRW က ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တဲ့ စစ်တပ်ကပဲ မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်တဲ့နောက် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းစွာ ပြန်လာနိုင်ရေးဟာ ပိုဝေးသွားခဲ့ရပါတော့တယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ခြင်းကသာ တစ်ခုတည်းသော အဖြေဖြစ်မယ်လို့ သတ်မှတ်အရေးဆိုနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာစစ်ကောင်စီနဲ့ ရှေ့ပြေးစီမံကိန်းအဖြစ် အဆင့်ဆင့် ဆွေးနွေးခဲ့ကြပေမဲ့  ဒီစီမံကိန်းကို လိမ်လည်အကြပ်ကိုင်မှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာတွေဟာ သူတို့မပိုင်ဆိုင်တဲ့ လုံခြုံရေး၊ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေး၊ သိက္ခာရှိရှိ အိမ်ပြန်နိုင်ရေးတွေကို အရေးတကြီးလိုအပ်ကြောင်း ကုလသမဂ္ဂနဲ့အတူ ဒီအရေးကို စိတ်ဝင်စားတဲ့ အစိုးရတွေက ဆက်လက်တိုက်တွန်းအရေးဆိုနေကြဖို့လိုပါတယ်။

သူတို့ရဲ့ လုံခြုံရေး၊ မြေယာပိုင်ဆိုင်လုပ်ကိုင်ခွင့်ရရှိရေး၊ လွတ်လပ်စွာသွားလာနိုင်ခွင့်ရရှိရေးနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးတို့ အဆင်ပြေချောမွေ့သွားပါက အိမ်ပြန်ချင်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက စဉ်ဆက်မပြတ် ပြောဆိုနေကြတာဖြစ်ပါတယ်။

“ဒီ ခြောက်နှစ်အတွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်းရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရတာပါပဲ” လို့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ယောက်က ပြောပါတယ်။

“နိုင်ငံသားအခွင့်အရေးအပြည့်အဝ၊ လူသားတစ်ယောက် ရထိုက်တဲ့ အခွင့်အရေးအပြည့်အဝနဲ့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံက ကျနော်တို့ရဲ့ ရွာကအိမ်ကို ပြန်ခွင့်ရချင်တဲ့ မျှော်လင့်ချက်ရှိပါတယ်”လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်က အကြမ်းဖက်ဖိနှိပ်မှုတွေအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်လေး အနည်းငယ်နဲ့အတူ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလျက်ရှိပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာ လက်နက်ပိတ်ဆို့တားမြစ်မှု အထမြောက်စေရေး၊ မြန်မာစစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ စစ်ဆေးစေတာ၊ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာ စတာတွေအပါအဝင် အခုထက်ပိုပြီး ခိုင်မာအားကောင်း အဓိပ္ပာယ်ရှိတဲ့ အရေးယူမှုတွေ ဖော်ဆောင်ရမှာဖြစ်ပါတယ်။

“အခုချိန်မှာ ရိုဟင်ဂျာတွေကို အိမ်ပြန်ပို့ဖို့လုပ်တယ်ဆိုတာဟာ စစ်တပ်က နှိပ်စက်လို့ ထွက်ပြေးလာတဲ့သူတွေကို စစ်တပ်လက်ထဲ ပြန်ပို့သလိုပါပဲ။ နောက်ထပ် လူတွေ အမြောက်အမြားထပ်ပြီး ထွက်ပြေးဖို့ ဖန်တီးလိုက်သလိုပဲဖြစ်မှာ။ ရိုဟင်ဂျာတွေအတွက် အန္တရာယ်ကင်းတဲ့၊ သိက္ခာရှိရှိ ဆန္ဒအလျောက် အိမ်အပြန်ခရီးဆိုတာဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားတဲ့ အရပ်သား အုပ်ချုပ်ရေးရရှိနိုင်ရေးနဲ့ စစ်ကောင်စီ အတိတ်က ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ရာဇဝတ်မှုတွေအတွက် မျှတတဲ့ တရားစီရင်မှုတွေ ရရှိနိုင်ရေးတို့အတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”လို့ ဘောက်ချနာက ပြောပါတယ်။

Ref-HRW

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024