မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနီးတဝိုက် ကျေးရွာတွေမှာ လျှပ်စစ်မီး ဖြတ်တောက်ခံထားရတာ တလဝန်းကျင်ရှိပြီဖြစ်တာကြောင့် မီးစက်နဲ့ ဆိုလာပြားတွေ ဝယ်ယူသုံးစွဲသူတွေ များနေတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေကနေ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် တဦးက “ဆိုလာပြားတွေ အများကြီး လာဝယ်ကြတယ်။ ဘာလို့ ဒီလောက်အများကြီး ဝယ်လဲဆိုတော့ မီးဖြတ်ခံထားရတယ်တဲ့။ ဆိုလာပဲ သုံးကြမယ်လို့ ပြောပြီး ဝယ်သွားတာ။ အိမ်မီးထွန်းဖိုးနဲ့ ဖုန်းအားသွင်းဖို့လောက်အားပဲ ဝယ်ကြတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ အနီးတဝိုက် ကျေးရွာပေါင်း ၅၂ ရွာကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတွေကို ဖြတ်တောက်ထားတာဖြစ်ပြီး ဘယ်အချိန်မှ ပြန်ပေးမယ်ဆိုတာကို မသိရသေးသလို ပိုက်ဆံပေးမှ မီးပြန်ပေးမယ်ဆိုတဲ့ ရွာတချို့လည်း ရှိတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ ကျေးရွာတချို့က ဆိုလာအစား လျှပ်စစ်မီးရဖို့ မီးစက်တွေကို အသုံးပြုနေရပြီး နေ့စဥ် မီးစက် နှစ်လုံးက စတင်ရောင်းချနေရတယ်လို့ မြို့တွင်း လျှပ်စစ်ပစ္စည်းဆိုင်တွေက သိရပါတယ်။
မိုးကုတ်မြို့ လျှပ်စစ်မီးဖြတ်တောက်ခံရတဲ့ ရွာခံတဦးက “ဓာတ်ဆီစျေးနဲ့ မီးစက်လည်း ကြာကြာမခုတ်နိုင်ပါဘူး။ မရှိမဖြစ်လို့သာ ဝယ်ရတာ။ မီးကလည်း ဘယ်အချိန်လာမယ်ဆိုတာ မသေချာဘူးလေ”လို့ ဆိုပါတယ်။
မိုးကုတ်မြို့ ကျေးရွာတွေနဲ့ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က မနှစ်ကလည်း အလှည့်ကျ လျှပ်စစ်မီး ဖြတ်တောက်ပြီး ရပ်ကွက်အလိုက် ငွေရာချီတောင်းခံကာ ငွေပေးမှ မီးပြန်ပေးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အခုလည်း ငွေတောင်းခံချင်တာကြောင့် လျှပ်စစ်မီးဖြတ်ထားတာလို့ ဒေသခံတွေက ပြောဆိုနေကြပြီး ပိုက်ဆံပေးလည်း လျှပ်စစ်မီး အချိန်မှန် မရရှိတာကြောင့် မပေးချင်ဘူးလို့ ဆိုပါတယ်။
မိုးကုတ်မြို့က ဒေသခံတချို့ မီတာဆောင်ကြပေမဲ့ မဆောင်သူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။