ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ၄ ရပ်ကွက်၊ ညဈေးအနီး၊ ရွှေ Mart စတိုး အရှေ့လမ်းမမှာ ဩဂုတ် ၂၀ ရက် ညက အမျိုးသား တယောက် ဓားဒဏ်ရာနဲ့ လဲကျသေဆုံးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါအမျိုးသားဟာ အသက် ၄၇ နှစ်အရွယ် ကိုမျိုးမင်း (ခ) ကိုဆံရှည်လို့ သိရပြီး ညဈေးအနီးမှာပဲ ဘတ်-ကျပ် ငွေလဲလုပ်ငန်း လုပ်ကိုင်သူလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “လူနာက လမ်းမပေါ်မှာ မှောက်လျက်သား နှလုံးတည့်တည့်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေပါပြီ။ ပိုက်ဆံလာလဲသူက စားပွဲခုံမှာကတည်းက ဓားနဲ့ထိုးလိုက်တာ။ အနောက်က လိုက်တဲ့အချိန်မှာ လမ်းမပေါ်မှာ လဲကျသွားပြီး သေဆုံးသွားတာပါ။ အသက်က ၄၇ နှစ်ပါ” လို့ ပြောပါတယ်။
အနီးအနားနေသူတွေရဲ့ ပြောပြချက်အရ ည ၇ နာရီလောက်မှာ ကိုမျိုးမင်း ငွေလဲလုပ်ငန်းကို အမျိုးသား ၁ ဦး ရောက်ရှိလာပြီး ဓားနဲ့ထိုးသွင်းကာ ဘတ်နဲ့ ကျပ်ငွေတွေကို လုယက်သွားခဲ့တာကြောင့် ဓားဒဏ်ရာရနေတဲ့ ကိုမျိုးမင်းက အနောက်ကလိုက်သွားချိန် လမ်းမမှာ လဲကျသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိ စစ်ဆေးချိန်မှာ ရုပ်အလောင်းရဲ့ ဘယ်ဘက်နှလုံးနေရာ တည့်တည့်မှာ ထိုးသွင်းဒဏ်ရာ တွေ့ရှိခဲ့ရတယ်လို့ သိရပြီး မြဝတီမြို့နယ် ဆေးရုံကြီး ရင်ခွဲဌာနကို Z Rescue က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လုယက်ခံရတဲ့ ငွေပမာဏနဲ့ ဓားထိုးလုယက်သူကို မြဝတီရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပြီး ဩဂုတ် ၁၅ ရက်ကလည်း မြဝတီ၊ မိချောင်းကုန်း ဘုန်းကြီးကျောင်းမှာ တရားထိုင်နေတဲ့ အသက် ၄၀ ကျော် အမျိုးသား ၁ ဦးဟာ အုတ်ခဲနဲ့ အထုခံခဲ့ရတာကြောင့် သေဆုံးသွားတဲ့အပြင် ဖုန်း၊ ပိုက်ဆံအိတ်တွေ လုယက်ခံခဲ့ရပါသေးတယ်။