စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အနောက်ခြမ်း ကွင်းကြီးရွာနားက တောင်ကြောပေါ်ကို ဩဂုတ် ၂၀ ရက် မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် မနက် ၉ နာရီလောက်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာဝန်းကျင်းမှာ မနက် ၁၁ နာရီခွဲလောက်နဲ့ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့သလို ညနေ ၃ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။
“သူတို့(စကစ) စစ်ကြောင်းထိုးလာတော့ ကိုယ်တွေဘက်က ခံချရင်းနဲ့ တိုက်ပွဲဖြစ်တယ်။ အခုတော့ ပစ္စည်းတွေ တော်တော်များများ သိမ်းရထားတယ်။ ထွက်ပြေးလာတဲ့ တကောင်ကိုလည်း အရှင်ဖမ်းမိထားတယ်။ ပြီးတော့ လေကြောင်းနှစ်ခေါက်လာတယ်။”
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေထံက လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာတဲ့ တပ်သားတယောက်ကိုလည်း ဖမ်းမိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းက တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ ဆုတ်ခွာသွားခဲ့ပြီး တောင်ခြေမှာ ရှိနေသေးတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကွင်းကြီးကျေးရွာက ပြည်သူ ၂,၀၀၀ ဝန်းကျင်နဲ့ ဘေးပတ်ဝန်းကျင်က ရွာတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ထီးချိုင့်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ တိုက်ပွဲနဲ့ အနီးဆုံးရွာက ပြည်သူ ၂,၀၀၀ ဝန်းကျင် ထွက်ပြေးနေရပြီ။ ဒီဘက်တကြောက ရွာတွေလည်း ဘေးလွတ်တဲ့နေရာကို ရှောင်နေတယ်။”
တိုက်ပွဲတွေကြောင့် ကွင်းကြီးကျေးရွာအုပ်စုက ကွင်းကြီးရွာ၊ ရွာသစ်ကုန်း၊ ပေါက်ကုန်းနဲ့ ရွှေလီကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ကွင်းကြီးရွာနားက တောင်ကြောဟာ ထီးချိုင့်မြို့ကနေ ၅ မိုင် အကွာမှာ ရှိပါတယ်။