ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်လမ်းဖြစ်တဲ့ တနင်္သာရီမြို့နယ်ထဲက ထုံခါး-မောတောင်ကားလမ်းပိုင်းကို ညဘက်မှာ အသုံးမပြုကြဖို့ ကျားကြီးကွန်မန်ဒို ပြောက်ကျားတပ်(KTLTA-TCJF) က သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလမ်းပိုင်းကို ည ၆ နာရီကနေ မနက် ၆ နာရီအချိန်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ တားမြစ်ထုတ်ပြန်ထားပြီး လမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာတွေ များလာတဲ့အတွက် ခရီးသွားပြည်သူတွေ မထိခိုက်အောင် အခုလို ထုတ်ပြန်လိုက်ရတာလို့ ပြောပါတယ်။
သတင်းပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက "အရင်ရက်တွေကတည်းက ထုံခါးရွာ ပတ်ဝန်းကျင်တွေမှာ ကင်းပုန်းဝပ်နေတာရှိပေမဲ့ ဒီကနေ့ကတော့ ပုံမှန်ထက်ပိုတဲ့ လှုပ်ရှားမှုတွေ တွေ့လာရလို့ဒီ စာကိုထုတ်ပြန်ရတာာပါ" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း အခုရက်ပိုင်းတွေမှာ ထုံခါး တားပလတ် ရွာတွေ အနီးအနားမှာ အင်အား ၉၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုး လှုပ်ရှားနေတာ တွေ့လာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခရီးသွားကားတွေအနေနဲ့ အဲဒီလမ်းပိုင်းမှာ သွားလာကြရင် မှန်ချပြီးမောင်းနှင်ကြဖို့နဲ့ တာလပတ်အုပ်ကားတွေအနေနဲ့လည်း ကားအတွင်းပိုင်းထိ မြင်ရအောင် ဖွင့်လှစ်ပြီး မောင်းနှင်ကြဖို့ ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ အနီးကပ်သွားလာတာမျိုး မလုပ်ကြဖို့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့က လုံခြုံရေးအရ စစ်ဆေးရင် စိတ်အနှောင့်အယှက် မဖြစ်ကြဖို့နဲ့ မဖြစ်မနေ လိုက်နာကြဖို့အတွက်လည်း သတိပေးထုတ်ပြန်ထားပါတယ်။
စစ်ရေးအခြေအနေတင်းမာတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အဲဒီလမ်းပိုင်းကို တော်လှန်ရေးအဖွဲ့တွေက ယာယီပိတ်ခဲ့ပါသေးတယ်။